ဘားအံ ၁၁ ဖေဖော်ဝါရီ
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ပူပေါင်း၍ Global Fund(Round 9)၏ ထောက်ပံ့မှုဖြင့် ပြည်သူလူထုအခြေပြု တီဘီ ဝေတနာရှင်များအား ပြုစုစောင့်ရှောက်ခြင်း စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ကရင်ပြည်နယ်တွင် အဆိုပါ စီမံချက်ဆန်းစစ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
စီမံချက်ဆန်းစစ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဌဒေါက်တာ စန်းစန်းမြင့်အောင်နှင့် အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်းတို့က စီမံချက်ဆိုင်ရာများနှင့်ပတ်သက်ပြီး ရှေ့ဆက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူလူထုအခြေပြု တီဘီရောဂါ ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ခြင်းစီမံချက်တာဝန်ခံဆရာဝန်နှင့် ကရင်ပြည်နယ်တီဘီတာဝန်ခံ ဆရာဝန်တို့က တီဘီရောဂါဆိုင်ရာများနှင့် စီမံချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကရင်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် စီမံချက်မြို့နယ်များဖြစ်သည့် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဒေသအတွင်း ပြည်သူလူထုအခြေပြုတီဘီရောဂါ စီမံချက်များဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့တွင် ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်သူလူထုအခြေပြု တီဘီဝေတနာရှင်များအား ပြုစုစောင့်ရှောက်ခြင်း စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၈-ခုနှစ် အတွင်း ဘားအံမြို့နယ်တွင် တီဘီရောဂါသံသယရှိသူ (၃၆)ဦးအနက် (၃၅)ဦးဆေးတိုက်ကျွေးနိုင်ခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ(၆)ဦး၊ လှိုင်းဘွဲမြို့နယ်တွင် တီဘီရောဂါသံသယရှိသူ (၁၄၂)ဦးအနက် (၁၇)ဦးဆေးတိုက်ကျွေးနိုင်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ (၄)ဦးရှိခဲ့ကြောင်းနှင့် ပြည်သူလူထုအခြေပြု တီဘီဝေတနာရှင်များအား ပြုစုစောင့်ရှောက်ခြင်း စီမံချက်ဆောင်ရွက်ရာတွင် ရောဂါဝေတနာရှာဖွေခြင်း၊ ဆေးတိုက်ကျွေးခြင်း၊ ပညာပေးဟောပြောခြင်းများကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


