ရန်ကုန် ၁၁ ဖေဖော်ဝါရီ
အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြှင့်တင်သည့် စီမံကိန်းအပိုင်းကဏ္ဍ တစ်ရပ်အဖြစ် ယာဉ်ကြောဆိုင်ရာ စီမံခန့်ခွဲမှု တတိယအသေးစားစီမံကိန်းကို ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ ကမ္ဘာအေးဘုရားမှတ်တိုင်တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာအေးဘုရားရှေ့တွင် ယာဉ်ပိတ်ဆို့မှုများအား ဖယ်ရှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်မည့် အဆိုပါ စီမံကိန်းတွင် ဘတ်စ်ကား လူအတင်အချလုပ်မည့် နေရာများအား စီစဉ်သတ်မှတ်ပေးခြင်း၊ လက်ရှိ ရှိနေသော လူကူးခုံးကျော်တံတားကို ပိုမိုအသုံးပြုစေရန်နှင့် ယာဉ်အန္တရယ် ကင်းဝေးစေရေးအတွက် လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့တွင် ယာဉ်များချောမွေ့စွာ သွားလာနိုင်ရန်နှင့် ပြည်သူများ ဘေးကင်းမှုရှိစေရန် ရည်ရွယ် ပြုလုပ်သည့် အဆိုပါ ယာဉ်ကြောဆိုင်ရာ စီမံမှုတွင် ခရီးသွားပြည်သူများအတွက် တက်ရမည့် နေရာကို ဘတ်စ်ကားလမ်းကြောင်းအလိုက် ခွဲထားပြီး မိမိစီးနင်းမည့် ဘတ်စ်ကားလိုင်းကို အတည်ပြုပြီး သတ်မှတ်နေရာတွင် စောင့်ဆိုင်းပေးရမည် ဖြစ်သည်။ အဆိုပါ မှတ်တိုင်ဧရိယာအတွင်း ပါဝင်သည့် ယာဉ်လိုင်း အမှတ်များမှာ ဝိုင်ဘီအက်စ် - ၈၃၊ ၉၉၊ ၆၊ ၇၉၊ ၆၄၊ ၃၆၊ ၄၃၊ ၁၀၊ ၂၈၊ ၈၈၊ ၉၆၊ ၅၅၊ ၃၀ နှင့် Airport Shuttle Bus စသော ယာဉ်လိုင်း ၁၄ လိုင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြှင့်တင်သည့် ကနဦးစီမံချက်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ မဟာဗန္ဓုလမ်းမပေါ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ဒုတိယ အသေးစားစီမံချက်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မြို့တော် ခန်းမအနီး ဆူးလေကားမှတ်တိုင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယခုပြုလုပ်သော စီမံချက်သည် တတိယမြောက် စီမံချက်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် JICA မှ ထောက်ပံ့ပေးသော စီမံကိန်းဖြစ်ပြီး Bottleneck Removal Pilot Project in FS on yangon Urban Infrastructure Sector Loan Project နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


