ထားဝယ် ဒီဇင်ဘာ ၃
“အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နှစ်စဉ် ဒီဇင်ဘာ (၃)ရက် ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိပါ ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် (၂၀၃၀)၏ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ် စေရေးမူနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကိုရေးဆွဲခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ဖြန့်ချိခဲ့ပြီးဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်အတွင်း မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး သင်တန်းများ၊ မသန်စွမ်းမှု အမျိုးမျိုးနှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ တိုင်းတာ စစ်ဆေး ပံ့ပိုးခြင်းဝန်ဆောင်မှု (Early Childhood Intervention Services-ECI) ဆိုင်ရာ အသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မသန်စွမ်းသူများ အကျုံးဝင်ပါဝင်နိုင်ရေးပူးပေါင်းပါဝင် ဖော်ဆောင်ပေးကြရန်နှင့် မသန်စွမ်းသူများ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တက်ရောက်လာသူများကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video message နှင့် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် မှတ်တမ်းဗီဒီယို ကိုပြသပြီး မသန်စွမ်းသူများက “အလှကမ္ဘာမြေ ” သီချင်းနှင့် “လှမ်းခဲ့တော့ထားဝယ်မြေ" သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို က အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင်ဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး က မသန်စွမ်းဖျော်ဖြေရေးအဖွဲ့များကို လည်းကောင်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


