ရန်ကုန် ဒီဇင်ဘာ ၃
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ အမှတ်(၅၁၄)ရှိ Aye Lin Latt Htut Training Center သို့ သွာရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် သင်တန်းကျောင်းတာဝန်ခံများက သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် သင်တန်းကျောင်း ဖွဲ့စည်းပုံ၊ ဦးစီးဌာနသင်တန်းကျောင်းအဖြစ် အသိအမှတ်ပြုထားမှု၊ သင်ကြားခဲ့ သည့် ကျွမ်းကျင်မှုသင်တန်းများ၊ လက်ရှိဖွင့်လှစ်နေသည့် သင်တန်းများ၊ ထပ်မံဖွင့်လှစ်မည့် သင်တန်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သင်တန်းကျောင်းတည်နေရာသည် ဆပ်သွားတော ကျေးရွာအုပ်စုတွင် တည်ရှိနေ၍ ကျေးရွာနေလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းရရှိနိုင်ရေး များစွာ အထောက်အကူဖြစ်စေကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သင်တန်းရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ပြန်လည်ဖွင့်လှစ်ခဲ့မှုအတွက် အသိအမှတ်ပြုပါကြောင်း၊ မော်တာစက်နင်း ကျွမ်းကျင်သင်တန်းနှင့် တစ်ကြောင်းစက်၊ ဓါးစက်ကျွမ်းကျင်သင်တန်းများကို NSSA ၏ ကျွမ်းကျင်မှု “စံ” သင်ရိုးညွှန်းတမ်းနှင့်အညီ လေ့ကျင့်သင်ကြားနိုင်ရန် နည်းပြများကို စဉ်ဆက်မပြတ် စွမ်းဆောင် ရည်မြှင့်တင်ပေးရန်လိုကြောင်း။
သင်တန်းဆင်းလူငယ်များအနေဖြင့် သင်တန်းကာလတွင် အမှန်တကယ် တတ်မြောက်ရန် ကြိုးစား သင်ယူပြီး သင်တန်းဆင်းသည်နှင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေး အာရုံစိုက်ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ရောက်ရှိက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် ကြီးကြပ် သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်ကိုးစားမှုသည် လုပ်ငန်းတိုးတက် အောင်မြင်ရေး အတွက် များစွာအထောက်အကူ ဖြစ်စေသဖြင့် ခံယူချက်ကောင်းမွန်ရန်လိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ယုဇနဟိုတယ်တွင် ကျင်းပသည့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြား ရာတွင် အလုပ်အကိုင်ရှာဖွေသူ၏ အသက်အရွယ်၊ စွမ်းအားနှင့်သင့်လျော်သည့် အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုတိုးတက်ရေးအတွက် ကူညီပေးရန်နှင့် လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သည့် အလုပ်သမားများရရှိရေးအတွက် အလုပ်ရှင်များကို ကူညီပေးရန် ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများကို နိုင်ငံတဝှမ်း ဖွင့်လှစ်၍ အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း။
ထို့ပြင် အလုပ်အကိုင်ရှာဖွေနေသူများကို အခမဲ့ဝန်ဆောင်မှုပေးသော ပုဂ္ဂလိက ပြည်တွင်း အလုပ်အကိုင်စုဆောင်းရေး အကျိုးဆောင်ကုမ္ပဏီများကို ခွင့်ပြုချက်ပေး၍ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အလုပ်လုပ်ကိုင်လိုသူများကို အလုပ်အကိုင်ရရှိ စေခြင်းဖြင့် အလုပ်လက်မဲ့များနည်းပါးစေရေး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအလိုက် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းများ တည်ထောင်နိုင်ရေး ဝန်ကြီးဌာနမှလို အပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်ရန်နှင့် အသင်းမှတာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေး ပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း။
အသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ကောင်းစွာသိရှိနားလည်ပြီး ဌာနမှ ထုတ်ပြန်သည့် လိုင်စင်စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် အသင်း၏ဂုဏ်ကို မြှင့်တင်ပေး ရန်လိုကြောင်း မှာကြားခဲ့ သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်တွင်း အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဝင် မန်နေဂျင်းဒါရိုက်တာများ တက်ရောက်ကြသည်။
(သတင်းစဉ်)


