မင်းဘူး ဒီဇင်ဘာ ၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်) မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

 

 
 

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ရန် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်များထံမှ ဩဝါဒခံယူပြီးဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်) တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံး ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ စနစ်တကျ ညအိပ်တည်းခို နားနေခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ဘုရားဖူးလာရောက်ကြသူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် လုံခြုံရေးအစီအမံများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

 

ဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်မည့်နေရာများ၊ တည်းခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရေး မြေနေရာသတ်မှတ်ခြင်း၊ မန်းချောင်းရေလမ်းကြောင်းလွှဲခြင်းနှင့် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး မန်းရွှေစက်တော် အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ ရာသီမရွေး လွယ်လင့်တကူ အဆင်မြေချောမွေ့စွာ သွားရောက် ဖူးမြော်နိုင်စေရန်အတွက် မန်းချောင်းတံတား (အထူးတံတား) ကို  ယခင် ဘေလီသစ်သားတံတားအစား ယခုအခါ ဘေလီသံပေါင် တံတားအဖြစ် အမှတ် (၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်မှ ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဌေးက ရှင်းပြသည်။

 

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ ရှိကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)