နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့ နယ်ရှိ မြို့မကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဓမ္မရက္ခိတပရိယတ္တိ စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ တိပိဋကမဟာဂန္တဝင် နိကာယ် ပရိယတ္တိစာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဂုဏ်ရည်လွင်ပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းဆုဝေ ကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်ရှိ လိုတရဟင်္သာတကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ဓမ္မသုခ ဝိပဿနာကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ အောင်မြေတံခွန်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာဒီပဲယင်း ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းကျောင်းတိုက်နှင့် ဒလမြို့နယ်ရှိ အောင်တော်မူကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ကုန်းသာမြို့မကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ဇမ္ဗူအေးစေတီတပ်ဦးကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


