နေပြည်တော် ၁၁  ဖေဖော်ဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ပိုင်းခရိုင်ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန် စုစုပေါင်းမြို့နယ် ၇ မြို့နယ်တွင် ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် QGIS software ကို အသုံးပြု၍ ပထဝီမြေပြင်တည်နေရာနှင့် သတင်းအချက်အလက်စနစ်အား အသုံးချဆောင်ရွက်သွားရန် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်နှင့် စီမံချက်မန်နေဂျာ (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာ ထားထားလင်းတို့က ဝက်သက်ရောဂါကာကွယ် ဆေးအပိုဆောင်း အစုလိုက်ထိုးနှံခြင်းကို လုပ်ငန်းဆောင်ရွက်မည့် မြို့နယ်များမှ ပြည်သူများအား အသိပေးမည့်အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်များနှင့် ကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးအသိပညာပေးရာ၌ အသုံးပြုရန် အချက်အလက်များကို ပြုစုထားရှိမှု၊ လုပ်ငန်းဆောင်ရွက်မည့် မြို့နယ်များတွင် အသိပေးရှင်းလင်းတင်ပြပွဲများ၊ ပူးပေါင်းလက်တွဲဆောင်ရွက်မည့် INGO များ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးများပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့်သူများကို လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခြင်းနှင့် လေ့ကျင့်ခြင်းတို့ လုပ်ဆောင်သွားရန် စီစဉ်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွန်ခဲ့သောလများအတွင်း ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၊ အရှေ့တောင်အာရှဒေသရှိ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံစသည့် နိုင်ငံများအပါအဝင် နိုင်ငံအများစု၌ ကာကွယ်ဆေး မထိုးနှံထားသူများတွင် ဝက်သက်ရောဂါ ဖြစ်ပွားမှုများနှင့် ရောဂါကြောင့်သေဆုံးမှုများဖြစ်ပွားလျက်ရှိ ကြောင်း၊ ဝက်သက်ရောဂါသည် အလွန်လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ခြင်း၊ ရောဂါ၏ ပြင်းထန်သော နောက်ဆက်တွဲ ရောဂါများကြောင့် ပြင်းထန်စွာအဆုတ်ရောင်ခြင်း၊ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်သည့်ဝမ်းလျှောခြင်း၊ နားအလယ်ခန်းရောင်ခြင်း၊ အမြင်အာရုံထိခိုက် ဆုံးရှုံးခြင်း၊ ဦးနှောက်ရောင်ခြင်း တို့အပြင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ခြင်း၊ ရောဂါကို ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်သာ ကာကွယ်နိုင်ခြင်းတို့ကြောင့် ဝက်သက်ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနမှ အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ လူစည်ကားရာ ကျောင်းများ၊ ဈေးများ စသည့်နေရာများရှိ မြင်သာသောနေရာများတွင် ကျန်းမာရေးအသိပညာပေး အချက်အလက်များ ကပ်ထားခြင်းတို့ကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီးသဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာဝန်များအဖွဲ့ နှင့်ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းလမ်းညွှန်များကိုလည်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့ထံ ပေးပို့ဖြန့်ဝေရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဖြန့်ဝေပေးလျက်ရှိသော Mobile Tablet များတွင် ထည့်သွင်းဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူချောမွေ့ရေးကို အလေးထားဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် စီမံချက်မန်နေဂျာ (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း)နှင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် QGIS software ကို အသုံးပြု၍ ပထဝီမြေပြင် တည်နေရာနှင့် သတင်း အချက်အလက် စနစ်အား အသုံးချဆောင်ရွက်သွားရန် ကနဦး စမ်းသပ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 

(သတင်းစဉ်)