စစ်တွေ ၁၁ ဖေဖော်ဝါရီ
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ “Rakhine State Investment Fair 2019” ကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေ၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က အမှာစကားပြောကြားပြီး ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး က ပြပွဲအောင်မြင်စွာကျင်းပသွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး က ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်တင်ပြရာ လုပ်ငန်းကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။
သတင်း- ဟန်လင်းနိုင်၊ ဓာတ်ပုံ- ရာမည


