၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်
ယနေ့နံနက် ၀၉:၃၀ နာရီအထိ မိုးလေဝသ တိုင်းထွာချက် အကျဉ်းချုပ်အနေဖြင့် လွန်ခဲ့သော (၂၄) နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့သည်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ကရင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။
ညအပူချိန်များမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၄) ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၂) ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂) ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။ ထူးခြားသည့် ညအပူချိန်များမှာ မိုင်းယန်းမြို့တွင် (၄) ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် နမ့်စန်မြို့တို့တွင် (၅) ဒီဂရီစင်တီဂရိတ်စီနှင့် ဟဲဟိုးမြို့၊ ဟားခါးမြို့၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၆) ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ် ဆက်လက်လျော့နည်းနေမည်။
နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


