ပွင့်ဖြူ     ၁၁  ဖေဖော်ဝါရီ     

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ့အကျိုးပြု လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ ပရဟိတလူမှုကူညီရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်၍ ထောက်ပံ့သည့် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ၁၀ သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၁ ရက် ၊ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။ 

 

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ က ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူ့အကျိုးပြု လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ အဆင်ပြေစွာ လုပ်ကိုင်သွားနိုင်ရေး အတွက် ယခုကဲ့သို့ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများကို တတ်နိုင်သမျှ ပံ့ပိုးကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် အသင်းအဖွဲ့များအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် သာသနာအကျိုးပြုလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက်  မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ၊ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းများဖြစ်သည့် သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်း ၊ သကျသီဟာသီလရှင်ကျောင်းအတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်း ၊ သာသနာ့အနုဂ္ဂဟဆွမ်းလောင်းအတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်း ၊ မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်း ၊ ကုန်းဇောင်းကျေးရွာ သာသနာ့ပါလဆွမ်းလောင်းအသင်းအတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်း ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀ သိန်းအား တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ရာ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ယခုကဲ့သို့ လူမှုကူညီရေးပရဟိတအသင်းများထံ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ပေးခြင်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်အား တစ်မြို့နယ်လျှင် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း ၂၅၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း ၏ ပြောပြချက်အရ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး) 

 

ABC 3