နေပြည်တော် ဒီဇင်ဘာ ၂၀

 

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစားသမားကောင်းများစွာ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁) နှင့် (၃) တို့တွင် ကျင်းပသည်။

 

ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာန အသင်းကို (၅) ဂိုး၊ (၂) ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃) နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို (၁) ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို (၆) ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲများသို့ ၂၀၂၃ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ဘောလုံး အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးကြသည်။

 

mdn

 

ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ဒီဇင်ဘာ (၂၁) ရက် နံနက် (၇) နာရီခွဲတွင် လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်း၊ မွန်းလွဲ (၃) နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်