နေပြည်တော် ဒီဇင်ဘာ ၂ဝ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာအုပ်စုနှင့် ထန်းတောကြီးကျေးရွာအုပ်စု (၂) စုရှိ တောင်သူများ နှင့်တွေ့ဆုံကာ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နေကြာနှင့် နွေစပါးစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆင်သေ ရေလှောင်တမံမှ နွေစပါးရေပေးဝေနိုင်မှု အခြေအနေများနှင့် ဂွေးပင်စံပြကျေးရွာ၏ စနစ်ကျလယ်ယာမြေ (၇၉ ဒသမ ၈၈)ဧက ဆောင်ရွက်နေမှုကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စနစ်ကျလယ်ယာမြေ၌ သီးနှံများစိုက်ပျိုးရာတွင် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက်ပျိုးရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေများ ခွင့်ပြုပေးထားပါကြောင်း၊ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာအုပ်စုနှင့် ထန်းတောကြီးကျေးရွာအုပ်စုတို့တွင် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စိုက်နည်းစနစ်၊ သွင်းအားစု၊ မျိုး၊ ရေ စသည်တို့ရရှိရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထွက်ရှိလာသည့် သီးနှံများအား သမဝါယမစနစ်ဖြင့် ဝယ်ယူကြိတ်ခွဲပေး နိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်က စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးနေပြီး တပ်ကုန်းမြို့နယ်အတွင်း တစ်ဆက်တစ်စပ်တည်း လယ်မြေ (၇၉ ဒသမ ၈၈) ဧကကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဖော်ထုတ် ဆောင်ရွက်နေပါကြောင်း၊ ယင်းလုပ်ငန်းကို သတ်မှတ်အချိန်မီပြီးစီးရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် နွေစပါးနှင့် ဆောင်းနေကြာ၊ မတ်ပဲ စိုက်ပျိုးမည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည်များကို ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဒေသခံတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဂွေးပင် ခေတ်မီစံပြကျေးရွာ (SMART Village) အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ရှင်းလင်းပြောကြားကာ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် ကွင်းအမှတ် (၂၀၄၅) ရှိ လယ်မြေ (၁၀၃) ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ-၁ (၁၀၃) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ ဦးချစ်ကို၏ လယ်မြေ (၃) ဧကတွင် ရေဆင်းစပ်မျိုး နေကြာ-၁ စက်ဖြင့် စတင်စိုက်ပျိုးနေမှု ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ၏ ပြောင်းဖူး၊ ငရုတ်၊ ကြက်သွန်၊ အာလူးသီးနှံ (၁၀) ဧက ရေရရှိရေးအတွက် ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်မည့် ဆင်သေချောင်း ချောင်းပိတ်ရေတင်လုပ်ငန်းနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးသည်။
သတင်းစဉ်


