နေပြည်တော် ဒီဇင်ဘာလ ၂၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ သင်တန်းဆိုင်ရာအတွေ့အကြုံများ မျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၁၂/၂၀၂၂) ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ  စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။   

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက သင်တန်းဆိုင်ရာအတွေ့အကြုံများ မျှဝေခြင်း (Knowledge Sharing) အစီအစဉ်များ၊ စာတမ်းဖတ်ပွဲများကို စဉ်ဆက်မပြတ်ပြု လုပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နည်းပညာဆိုင်ရာအဖွဲ့အစည်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဝန်ထမ်းများ စွမ်းဆောင်မှုအရည်အသွေး မြင့်မားတိုးတက်စေရန်နှင့်  စီမံခန့်ခွဲမှုပိုမို အားကောင်းလာစေရန် အမျိုးမျိုးသော နည်းလမ်းများဖြင့် အစဉ်အမြဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်အနာဂတ်ကာလတွင် ဦးဆောင်မည့်သူများ အနေဖြင့် ပညာအရည်အချင်း ကောင်းမွန်စွာ ပြည့်စုံနေစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းသွားရန် လိုအပ်ပါကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းများသည် တိုးတက်ချင်သည့် စိတ်အခြေခံ ရှိရန်လိုအပ်ပြီး ကိုယ်တိုင်ကြိုးပမ်းအားထုတ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သူများမှ လေ့လာသင်ယူခဲ့ရသည်များကို လက်ဆင့်ကမ်းမျှဝေ ပေးခြင်းဖြင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အကျိုးကျေးဇူးများရရှိကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ “စာရင်းရှင်းလင်းခြင်းနှင့် ငွေချေးစာချုပ်ထိန်းသိမ်းခြင်းတို့အကြား ဆက်နွယ်မှု” နှင့်စပ်လျဉ်း၍ ဒေါ်စုစုနွယ် (ညွှန်ကြားရေးမှူး) နှင့် ဒေါ်ကြည်ကြည်ဦး (ညွှန်ကြားရေးမှူး) တို့က  ငွေရေးကြေးရေး လုပ်ဆောင်ချက် နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ၏ ရှေ့အလားအလာများ၊ ငွေရေးကြေးရေးဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုအခက်အခဲများ၊ ငွေရေးကြေးရေး ကိစ္စရပ်များတွင် နည်းပညာများအသုံးပြု၍ လုံခြုံရေးချိုး ဖောက်ခံရမှုနှင့် ၎င်းတို့အပေါ် ကာကွယ်ဆောင်ရွက်မှု၊ ငွေချေးစာချုပ် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာကြသော ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်