မိုင်းလား ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာပင်းကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာနှင့် ဝမ်ကန်ကျေးရွာတို့တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးစိုင်းစိုးစိုး၊ မိုင်းလားခရိုင် ခေတ္တခရိုင်ဦးစီးမှူး ဦးသက်ညီညီနှင့် တာဝန်ရှိသူများသည် ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ပန်ယောင်းကျေးရွာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၃၉၂)သိန်းဖြင့် အရှည် ပေ ၅၂၈၀၊ အကျယ် ၁၂ပေ၊ ထု ၉ လက်မ ရှိ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဝမ်ကန်ကျေးရွာတွင် ပြည်နယ်ခွင့်ပြု ရန်ပုံငွေ ကျပ်(၃၉၄)သိန်းဖြင့် အရှည်ပေ ၅၂၈၀၊ အကျယ် ၁၂ပေ၊ ထု ၉ လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ပန်ယောင်းကျေးရွာ နှင့် ဝမ်ကန်ကျေးရွာတို့တွင် အဆိုပါလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် အရှေ့ပိုင်းချယ်ရီမြေနှင့် ရွှေပန်ကွဲကုမ္ပဏီများက ဇွန်လပထမပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအာလုံး ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါကအဆိုပါ ကျေးရွာနှစ်ရွာရှိ လယ် /ယာ ဧကများမှ ထွက်ရှိသည့် လယ်ယာထုတ်ကုန်၊ ထွက်ကုန်များ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မိုင်းလားခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးသက်ညီညီထံမှ သိရသည်။
မောင်ခိုင်


