၁၂ ဖေဖော်ဝါရီ
မြဝတီ - ကော့ကရိတ် - ဘားအံ - ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်း မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်တွင် တည်ရှိနေသော ဂျိုင်း-ကော့ကရိတ် ကြိုးတံတားမှာ မူလက ၂၅ တန်သာ ခံနိုင်ဝန်ရှိသော ကြိုးတံတား ဖြစ်သည်။ ကာလကြာရှည်စွာ အသုံးပြုခဲ့ခြင်းကြောင့် ကြိုးတံတားခံနိုင်ဝန် ကျဆင်းလာသဖြင့် ယခုအခါ ၁၃ တန်သာ ဖြတ်သန်းခွင့် ပြုထားပြီး ၁၃ တန်အထက် မော်တော်ယာဉ်များအား ပွန်တွန်းဗောတံတားမှ ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခုအခါ လက်ရှိတံတားနှစ်စင်းအပြင် နောက်ထပ် Pontoon တံတားနှင့် ခိုင်ခန့်သော မြစ်ကူးတံတားတစ်စင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအသုံးပြုနေသော ပွန်တွန်းဗောတံတားကို သစ်တောက်ငှက် ကုမ္ပဏီက ၂ဝဝ၉ ခုနှစ်အတွင်း စတင်တည်ဆောက်၍ ၂ဝ၁ဝ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ခံနိုင်ဝန် တန်ချိန် ၆ဝ ထိ ဖြတ်သန်းခွင့် ပြုထားခဲ့သည်။ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ရေး၊ ဖြတ်သန်းသွားလာလျက်ရှိသော ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ ဘေးကင်းလုံခြုံရေးနှင့် ရေလမ်းခရီးမှ ဖြတ်သန်း သွားလာကြသည့် ဒေသခံများ၏ စက်လှေများ ဘေးအန္တရယ် ကင်းရှင်းစေရေးအတွက် သစ်တောက်ငှက်ကုမ္ပဏီ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ခဲ့ရာ တံတားသက်တမ်း ၉ နှစ်ကျော် ကာလအတွင်း ဗောတံတားပေါ်မှ ဖြတ်သန်းသွားလာကြသည့် မော်တော်ယာဉ်များနှင့် ရေကြောင်းမှ ဖြတ်သန်းသွားလာသည့် စက်လှေများ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းအသုံးပြုနိုင်ခဲ့ပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိအောင် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဗောတံတားအား အသုံးပြုကာလ ကြာရှည်လာခြင်းကြောင့် ပြုပြင်ထိန်းရေး လုပ်ငန်းများဖြင့် ပိုမိုကြံ့ခိုင်ကောင်းမွန်လာစေရန် ၂၀၁၈ ခုနှစ်အတွင်း ကရင်ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော်ယာဉ်ကြီးများ တစ်နာရီ ၇၂ စီးခန့် ဖြတ်သန်းသွားလာနိုင်ပြီး တစ်နေ့လျှင် ကုန်တင်ကားကြီး စီးရေ ၂၀ဝ ခန့် ဖြတ်သန်း သွားလာလျက်ရှိသည်။
အဆိုပါ ဂျိုင်းမြစ်ပေါ်တွင် ယခုအခါဂျိုင်း - ကော့ကရိတ် ကြိုးတံတားနှင့် သစ်တောက်ငှက် ကုမ္ပဏီမှ ပွန်တွန်းဗောတံတားတို့အပြင် ရာသက်ပန်ကုမ္ပဏီမှလည်း ဗောတံတားအသစ်တစ်စင်းကို တည် ဆောက်ရန်အတွက် တင်ဒါအောင်မြင်ခဲ့သဖြင့် ယမန်နေ့ကစတင်ပြီး ချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
တင်ဒါအောင်သော ရာသက်ပန် ကုမ္ပဏီမှအသစ်တည်ဆောက်မည့် ဗောတံတားမှာ လက်ရှိ သစ်တောက်ငှက်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော ပွန်းတွန်းဗောတံတားနှင့် ပေ (၁၅၀) အကွာတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောက်လုပ်ခြင်းကို ခွင့်ပြုခဲ့ခြင်းမှာ ပညာရှင်ပိုင်း၏ တွက်ချက်ခွင့်ပြုခဲ့ခြင်း မဟုတ်သည့်အတွက် ရေလမ်းအသုံးပြုသွားလာမှုများအတွက်အန္တရာယ်ဖြစ်ပေါ်လာမည်ကို ဒေသခံများကလည်း အထူးစိုးရိမ်လျှက်ရှိကြောင်း သိရသည်။
ဂျိုင်းမြစ်အတွင်း လက်ရှိအသုံးပြုနေသော ကြိုးတံတား တစ်စင်းနှင့် ပွန်တွန်းဗောတံတားတို့မှ ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုလျက်ရှိရာမှ မကြာမီအချိန်ကာလတစ်ခုတွင် အသစ် ထပ်မံတည်ဆောက်ခွင့်ပြုမည့် ဗောတံတားတစ်စင်းအပြင် JICA မှ အခိုင်အမာ တည်ဆောက်မည့် အာစီတံတား တစ်စင်းတို့ကိုလည်း (၃)နှစ်တာကာလ၊ ၂၀၂၁ မတ်လအတွင်း တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းတံတားနှင့် မလွတ်သည့် မြေယာများကိုလည်း လျော်ကြေးပေး ညှိနှိုင်းရှင်းလင်းဆောင်ရွက်ကာ ၂၀၁၉ ဇန်နဝါရီလတွင် စီမံကိန်းလုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အာစီတံတား ဆောက်လုပ်ပြီးစီးဖွင့်လှစ်ပါက ဂျိုင်းတံတားပေါ်မှသာ ဖြတ်သန်းသွားလာစေပြီး ဂျိုင်းမြစ်အတွင်းက ဗောတံတားနှစ်စင်းကို ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)


