ရေး ၁၂ ဖေဖော်ဝါရီ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်၌ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာဓလေ့ ထမနဲ ထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် ပြည်သူ့ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းဝင်များနှင့် ပြည်သူများပူးပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်အသင်း စုစုပေါင်း အသင်း(၁၁) သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းကျပ်၊ တတိယဆု တစ်သိန်းကျပ်နှင့် နှစ်သိမ့်ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


