ပဲခူး ၁၂ ဖေဖော်ဝါရီ

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Milo Nestle တို့ပူးပေါင်းပြီး (၅)ကီလိုမီတာ ကျား/မ အပြေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါ(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲတွင် ပဲခူးခရိုင်(၈)မြို့နယ်နှင့် တောင်ငူ ခရိုင်(၆)မြို့နယ်တို့မှ အားကစားသမား ၃၅၀ ကျော်ပါဝင်ကာ ပဲခူးမြို့ ဥဿာမြို့သစ် (၇)ရပ်ကွက် ဗိုလ်မင်းရောင်လမ်းထိပ်မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ရွှေမော်ဓော ဘုရားလမ်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့အထိ ၅ ကီလိုမီတာ အကွာအဝေးအား ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် မိုးလုံလေလုံအားကစားခန်းမတွင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသမီး အပြေးပြိုင်ပွဲ၌ အဆင့်(၄)မှ (၅၀)အထိ၊ အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၄)မှ (၅၀)အထိ ရရှိသူများအား လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြိုင်ပွဲအလိုက် ဆုရရှိကြသူများကို ဆုတံဆိပ်၊ ငွေသားဆုနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)