ခန္တီး ၁၂ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့သည် ရတနာမြေဖြစ်သည့်အတွက် မြို့သင်္ကတေအဖြစ် အလေးချိန် လေးတန်ကျော် ကာလတန်ဖိုး သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ ကျောက်စိမ်းတုံးကြီးကို ခန္တီးမြို့တွင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းတုံးကြီးကို ကျောက်မျက်ဌာနက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှာ အလှူခံပြီး ခန္တီးမြို့၏မြို့သင်္ကတေ အဖြစ်ထားရှိရန် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ကျောက်စိမ်းတုံးကြီးကို ခန္တီးမြို့ မြို့မရပ်ကွက်ရှိ ကမ်းနားလမ်း မဉ္ဇူပန်းခြံ၌ထားရှိရန် ဆောင်ရွက်လျက်ရှိသည်။

"ကျောက်စိမ်းတုံးကြီးအတွက် နိုင်ငံတော်ကို ၂၈ သိန်း အခွန်ဆောင်ထားပါတယ်။ ကျောက်စိမ်းတုံးကြီး ထားရှိမည့်ပန်းခြံအတွင်းမှာကြာပန်း ပုံကလပ် တည်ဆောက်နေပြီ"ဟု ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဘကြိုင် ကပြောသည်။

“ရတနာတွေကုန်တော့မယ် အကောင်းစားကြီးတော့မဟုတ်ပါဘူး။ အညံ့စားပါပဲ။ ဒါပေမယ့် အရင်တုန်းက ကျန်တော်တို့ဒေသမှာ ဒီလိုကျောက်စိမ်းမျိုးတွေ ထွက်ရှိခဲ့ပါလားဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ နောင်လာနောက်သားများသိလာစေရန် တည်ဆောက်ပေးနေတာပါ။ ကျောက်အမျိုးအစားကတော့ ခန္တီးမြို့နယ် နန်စီဗွန်ဒေသ နတ်မှော် မှော်မှထွက်ရှိသော ငလန်ပန်း အရည်ကျောက်အမျိုးအစားဖြစ်ပြီး ကာလတန်ဖိုးမှာ သိန်းတစ်ထောင်ကျော် တန်ဖိုးရှိပါတယ်"ဟုဦးဘကြိုင် ကပြောသည်။

ချန်လော (ခန္တီး)