ကံမ ၁၂ ဖေဖော်ဝါရီ 


သရက်ခရိုင် ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာပေါင်း (၁၄) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း(၁၈)ခု ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


 ကံမမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်းတစ်ရာ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာပေါင်း (၁၄) ရွာတွင် လမ်းလုပ်ငန်း (၁၀) ခု၊ တံတားလုပ်ငန်းတစ်ခု၊ Box Culvert တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခု၊ ရေကျော်တည်ဆောက်ခြင်း လုပ်ငန်းတစ်ခု၊ မီးလင်းရေးလုပ်ငန်းနှစ်ခု၊ မြေကာနံရံပြုလုပ်ခြင်းလုပ်ငန်းတစ်ခု၊ ရေမြောင်းဟောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း (၁၈) ခုအား ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၃ ဒသမ ၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန် ထံမှ သိရသည်။

 

123


အဆိုပါလုပ်ငန်းများအနက်မှ စပယ်ခြုံကျေးရွာ အဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်း၊ ပြကြီးကျေးရွာ ရေကျော် တည် ဆောက်ခြင်းလုပ်ငန်း၊ တောင်စကိုင်းကျေးရွာ မြေနီခင်းခြင်းလုပ်ငန်းနှင့် ညောင်ပင်ကွင်းကျေးရွာ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မြေနေရာရရှိမှု အခြေအနေများကို သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးအောင်ကြီး (ဒုတိယညွှန်ကြားရေးမှူး-နည်းပညာ)၊ ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာကော်မတီဝင်များ၊ လုပ်ငန်းကြီးကြပ်ကွပ်ကဲမည့် အင်ဂျင်နီယာဝန်ထမ်းများ နှင့်အတူ ဖေဖော်ဝါရီလ (၁၁) ရက်က ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည့်နည်းပညာ အကြံအဉာဏ်များကို ကူညီ ဆောင် ရွက်ပေးခဲ့ကြသည်။


ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ကျေးရွာပေါင်း (၃၅) ရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း သုံးရာ့ငါးဆယ်နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သန်း (၅၁ ဒသမ ၄၂၉၉၇ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ဆုဝေထွန်း(သရက်)

 

123