မြစ်ကြီးနား    ၁၂  ဖေဖော်ဝါရီ

 

 
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကျောက်စိမ်း ရတနာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းနှင့် ဆွမ်ပရာဘွမ်လမ်း တြိဂံပန်းခြံတွင်း ကျောက်စိမ်းစိုက်ထူသည့်နေရာ၌ ကျင်းပသည်။

 

a

 

မြန်မာ့ကျောက်စိမ်းရတနာစိုက်ထူပွဲ အခမ်းအနားကို ခရစ်ယာန်ဘုန်းတော်ကြီးက ဆုတောင်း ဆက်ကပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့ကျောက်စိမ်းရတနာအလှူရှင် ဂျိမ်းဖောအကယ်ဒမီ ကျောက်စိမ်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ဘန်လွန်ဒူဝါဘွမ်ယွန်က ကျောက်စိမ်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရယူကာ ကျောက်စိမ်းရတနာကို ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 


“ကျောက်စိမ်းဟာ ကျွန်တော်တို့ရဲ့ ပြရုပ်ဖြစ်တယ်၊ ကမ္ဘာမှာ ကျွန်တော်တို့ဒေသမှာပဲ ထွက်တဲ့အတွက် ကျွန်တော်တို့ရဲ့ ပြရုပ်ဖြစ်တဲ့ ကျောက်စိမ်းကို အထင်ကရရှိတဲ့ နေရာတွေမှာ စိုက်ထူသွားတာ ဖြစ်ပါတယ်၊ ကျွန်တော်အနေနဲ့ အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်၊ ကိုယ့်ရဲ့ကျောက်တွင်းကရတဲ့ ကျောက်စိမ်းတွေကို အခုလို မိမိဒေသ၊ မိမိလူမျိုး၊ မိမိရဲ့ပြည်နယ်၊ မိမိနိုင်ငံတော်အတွက် ပြန်လည်ပြီး ကျေးဇူးဆပ်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်” ဟု အလှူရှင် ဒေါက်တာ ဘန်လွန်ဒူဝါဘွမ်ယွန်က ပြောသည်။

 


ထို့အပြင် အလှူရှင်အနေဖြင့် နောက်ထပ်ကျောက်စိမ်းများကို စိုက်ထူပြသရန် လှူဒါန်းသွားဖို့ရှိကြောင်းနှင့် ပြည်နယ်ထွက်ကျောက်စိမ်းကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ် နန့်စီးအောင်တွင် တစ်လုံးနှင့် မြစ်ကြီးနားဘူတာရုံရှေ့တစ်လုံး ဆက်လက်စိုက်ထူပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်လက်၍ ဖားကန့်မြို့အဝင်တွင်လည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

k

 

ယနေ့ဖွင့်လှစ်လိုက်သည့် မြန်မာ့ကျောက်စိမ်းရတနာသည် အမြင့် ၈ ပေ၊ အကျယ် ၄ ပေခွဲနှင့် အလေးချိန်အားဖြင့် ၉ ဒသမ ၃၇ တန်ရှိကာ သိန်းထောင်ကဏန်းတန်ဖိုးရှိပြီး အများမြင်သာသည့်နေရာတွင် ဒုတိယအကြိမ်မြောက် လှူဒါန်းပြသပေးခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၆ ရက်က ပထမအကြိမ်အဖြစ် မြစ်ကြီးနားလေဆိပ်တွင် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် စိုက်ထူပြသထားပြီးဖြစ်ကြောင်း သိရသည်။

 


မျိုးမြင့်စိုး(ပြန်/ဆက်)