နေပြည်တော် ၁၂ ဖေဖော်ဝါရီ 

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက ယနေ့ မွန်းလွဲ ၁ နာရီတွင်  ပြည်ထောင်စု၀န်ကြီး၏ နေအိမ်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အတည်ပြုပြဌာန်းနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားကဏ္ဍ မြှင့်တင်နိုင်ရန် တိုင်းရင်းသားလုပ်ငန်းရှင်များ (SME) ချေးငွေလွယ်ကူချောမွေ့စွာ ချေးယူနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ရန်ကုန်မြို့၌ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ အခမ်းအနားကို နောင်နှစ်များတွင်လည်း ကျင်းပနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာကိစ္စရပ်များအား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ 

 

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က လက်ဖက်ရည်အချိုဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)