ရန်ကုန် ၁၂ ဖေဖော်ဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး မော်တင်စွန်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၀ ရက်အထိ တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဘုရားပွဲတော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိ်ုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို(ဥက္ကဋ္ဌ) ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ 

 

ယခင်က မြတ်မော်တင်စွန်းစေတီတော်အား ဖူးမျှော်နိုင်ရန်အတွက် ပုသိမ်မြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့်သာ သွားရောက်ဖူးမြော်နိုင်ခဲ့ကြသော်လည်း ယခုအခါ ပုသိမ်-မော်တင်ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်သည့်အတွက် မော်တော်ယာဉ်များဖြင့်ပါ အလွယ်တကူ သွားရောက်နိုင်မည် ဖြစ်သည်။ 

 

စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရေးအတွက်လည်း ဟိုတယ်များ၊ တည်းခိုခန်းများ ဖွင့်လှစ်ထားပြီး ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ အဆိုတော် မေခလာ၊ သွန်း၊ အာကာဘို၊ စိမ့်နေခြည်၊ မေစူးနိုင် (ရုပ်ရှင်သရုပ်ဆောင်) နှင့် ရွှေမြိုင်တို့ကလည်း ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိ်ုင်းတွင် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

 

မင်းသစ်(MNA)