ရန်ကုန် ၁၂ ဖေဖော်ဝါရီ 

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ပြည်ထောင်စုနေ့ ဈေးပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

 

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မတူကွဲပြား ခြားနားသော တိုင်းရင်းသားတို့၏ နှစ်သက်မြတ်နိုး စွဲမက်ဖွယ်ကောင်းသော ရိုးရာဝတ်စုံများ၊ အသုံးအဆောင်များ၊ အစားအစာများ၊ ရိုးရာအနုသုခုမ ဖျော်ဖြေမှုများကို အများပြည်သူတို့ တစ်နေရာထဲတွင် တစ်စုတစ်ဝေးတည်း တွေ့မြင်လေ့လာနိုင်ပြီး ပိုမိုနှစ်ခြိုက် တန်ဖိုးထား မြတ်နိုးစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ ပြည်ထောင်စုနေ့ ညနေ ၅ နာရီတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့မှ တာဝန်ရှိသူများက ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

 

ဖွင့်ပွဲအထိမ်းအမှတ် တိုင်းရင်းသားပဒေသာကပွဲအဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားဖျော်ဖြေရေးအဖွဲ့များက မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေခဲ့ကြပြီး ပွဲတော်လာ ပြည်တွင်း ပြည်ပဧည့်သည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

 

ပြည်ထောင်စုနေ့ ဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ့သမိုင်း ပညာရှင်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ အနုပညာရှင်ကြီးများ၊ နိုင်ငံခြားသံတမန် မိသားစုများ၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ကောလိပ်အသီးသီးမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များနှင့် တိုင်းရင်းသားပြည်သူအများ တက်ရောက်ခဲ့ကြသည်။

 

စိမ်းလန်းစိုပြည် ဂါးဒင်းအနေဖြင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲတော်များ နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုအကြိမ် အပါအဝင် (၁၀)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

သတင်း- ရီရီမြင့်
ဓာတ်ပုံ- ရဲထွဋ်