ရန်ကုန် ၁၂ ဖေဖော်ဝါရီ 

 

(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ၏ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြောက်ပိုင်းခရိုင် မသန်စွမ်းသူများ  အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ စံပယ်လမ်းရှိ ငြိမ်းအေးချမ်းသာ ဓမ္မာရုံတွင်စည်ကားစွာ ကျင်းပသည်။

 

1236

 

ပေါင်းစည်း လူမှုဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင် ဦးသိန်းဟန်သူက ``အထိမ်းအမှတ်ပွဲ အနေနဲ့ပြုလုပ်တဲ့ ပွဲတွေတော်တော်များများမှာ မသန်စွမ်းသူတွေအနေနဲ့ ကျန်ရစ်ခဲ့တာများပါတယ်။ သူတို့ဟာ မေ့လျော့ခံဘဝနဲ့ ဖြစ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂသဘောတူ စာချုပ်မှာလက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်တယ်။ သက်ဆိုင်ရာ အခွင့်အရေး ဥပဒေတွေလည်း ပြဋ္ဌာန်းပြီး သားဖြစ်တဲ့အတွက် အခမ်းအနားတွေမှာ မသန်စွမ်းတဲ့သူတွေ ပါဝင်နိုင်ဖို့ အခုလို ကျင်းပရဖြင်းဖြစ်ပါတယ်´´ ဟုပြောသည်။

 

04943

 

အဆိုပါ အထိမ်းအမှတ်ပွဲကို ပေါင်းစည်း လူမှုဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ စည်းရုံးစီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း ဖွဲ့စည်းထူထောင်ထားသည့် ကိုယ့်အားကိုယ်ကိုး မသန်စွမ်းသူအဖွဲ့ (၁၂)ဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

 

ထိုသို့ကျင်းပရာတွင် စာပေပြိုင်ပွဲများဖြစ်သော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာအရေး ပြိုင်ပွဲ၊ ဆေးချယ်ပြိုင်ပွဲများကို ငြိမ်းအေးချမ်းသာ ဓမ္မာရုံ၏ အနောက်ရွှေနဂါးဇရပ်တွင် လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲကို ငြိမ်းအေးချမ်းသာဓမ္မာရုံတွင် လည်းကောင်း၊

 

အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများဖြစ်ကြသော လွန်ဆွဲ၊ အပြေး၊ မုန့်စား၊ ပူဖောင်းဖောက်၊ ထုပ်ဆီးတိုး၊ ဆန်ကောရွက် စသည့် ပြိုင်ပွဲများကို အာနန္ဒာဗောဓိ ပရဝဏ်တွင်လည်းကောင်း စည်ကားစွာကျင်းပပြီး တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ပေးအပ်သည်။ 

 

စာစီစာကုံးပြိုင်ပွဲ ပထမဆုရရှိသူ ရွှေပြည်သာမြို့နယ်မှ မဆုဝေဖြိုးက ``အရင်တုန်းကလည်း ပြိုင်ပွဲတွေဝင်ခဲ့ပါတယ်။ ဆုတော့မရခဲ့ပါဘူး။ ဒါဟာ ပထမဆုံးအကြိမ် ဆုရရှိတာပါ။ အခုလို ပွဲတွေလုပ်ပေးတဲ့အတွက် မသန်စွမ်းသူတွေအတွက် အင်အားတွေ အများကြီးဖြစ်ပါတယ်။ ယုံကြည်မှုတွေလည်း ပိုပြီးရှိလာတယ်´´ ဟုပြောသည်။

 

ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက``ခေတ်အဆက်ဆက် လူ့အသိုင်းအဝိုင်းမှာ  မသန်းစွမ်းတွေဟာ နည်းအမျိုးမျိုးနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကိုရောက်သွားတယ်။ ဒါမျိုးပွဲတွေရှိခြင်းအားဖြင့် ကျွန်တော်တို့ မသန်စွမ်းတွေရဲ့ စိတ်ဓာတ်ခွန်အားတွေ ပိုပြီးတော့ လန်းဆန်းစေတယ်။ ပိုပြီးတော့လည်း တက်ကြွစေတယ်။ ဒီနေ့လိုပွဲမျိုးကိုကြိုဆိုပါတယ်´´ ဟုပြောသည်။

 

အထိမ်းအမှတ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်း တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းမှ မသန်စွမ်းသူများနှင့် မိသားစုဝင် ၄၅၀ ခန့် ပါဝင်ဆင်နွှဲကြသည်။ 

 

မသန်းစွမ်း ကလေးများသည် အခြားသော ကလေးများနည်းတူ ရပ်ရွာအတွင်း လှုပ်ရှားမှုများ အပါအဝင် ကစားခြင်း၊ အပန်းဖြေခြင်း၊ အားလပ်ခြင်းနှင့် အားကစား ဆောင်ရွက်ခြင်း စသည့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်မှု သေချာစေရေး ဆောင်ရွက်ပေးရန်၊ မသန်စွမ်းသူများသည် အပန်းဖြေခြင်း၊ ခရီးသွားခြင်း၊ အားလပ်ခြင်း၊ အားကစား ဆောင်ရွက်ခြင်းစသည့် အဖွဲ့အစည်းများနှင့် ပတ်သက်သော ဝန်ထမ်းများနှင့်  အလွယ်တကူတွေ့ဆုံ ဆက်ဆံနိုင်ခွင့် သေချာစေရေး၊ မသန်စွမ်း သူဖြစ်ခြင်းကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုပြုခြင်းအားလုံးကို တားမြစ်ပိတ်ပင်ရန်နှင့် တန်းတူညီမျှမှုကိုမြှင့်တင်ရန် ဆောင်ရွက်ပေးရေးတို့ကို လိုအပ်နေကြောင်း အစိုးရနှင့် ရပ်ရွာအသိုင်းအဝိုင်းသို့ အသိပေးနိုင်ရန် တို့အပြင် ဤလှုပ်ရှားမှုတွင် မသန်စွမ်းသူများကိုယ်တိုင် ပါဝင်အကောင်အထည်ဖော်ခြင်း၊ ယှဉ်ပြိုင်ခြင်းတို့ဖြင့် မသန်စွမ်းသူများကိုယ်တိုင် မိမိကိုယ်မိမိ ယုံကြည်မှုများ တိုးတက်ရရှိစေရန်နှင့် ပျော်ရွှင်အပန်းပြေစေရန် ရည်ရွယ်၍ ယင်းကဲ့သို့ ကျင်းပခြင်းဖြစ်သည်။

 

၂၀၁၄ သန်းခေါင်စာရင်းအရ (၂ ဒသမ ၃) သန်းကျော်မှာ မသန်စွမ်းသူများ ဖြစ်ကြောင်း၊ ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မသန်စွမ်းသူ ၂၅၀၄၄၁ ဦးရှိရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ၈၃၄၅၂ ဦး၊ ရှေ့ပိုင်းခရိုင်တွင် ၈၀၈၅၉ ဦး၊ တောင်ပိုင်းခရိုင်တွင်  ၅၇၃၀၃ ဦး၊ အနောက်ပိုင်းခရိုင်တွင်  ၂၈၈၂၇ ဦးရှိကြောင်း ယနေ့ အခမ်းအနားမှ သိရသည်။

 

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး