ပွင့်ဖြူ  ၁၃ ဖေဖော်ဝါရီ    

 
၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် မူကြိုကလေးများ၏ တေးသရုပ်ဖော် ကပြဖျော်ဖြေမှုများ၊ ကဗျာရွတ်ဆိုဖျော်ဖြေမှုများ ပါဝင်သည့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

123


အဆိုပါ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော် က နိုင်ငံ၏ အနာဂတ်ခေါင်းဆောင် ကြယ်ပွင့်ကလေးများဖြစ်သည့် မူကြိုကျောင်းနေ အရွယ်ကလေးငယ်များ စိတ်ဓာတ်ခွန့်အားများ ရှင်သန်နိုးကြားထက်မြက်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော ကလေးများ ဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်း မြန်မာနိုင်ငံကလေးများနေ့ ဂုဏ်ပြုအခမ်းအနားများ ကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ၊ ကလေးငယ်များ၏ မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ဉာဏ်ရည်ဉာဏ်သွေးများ ထူးချွန် ထက်မြက်လာအောင် ပြုစုပျိုးထောင်ပေးသွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းဥက္ကဌ ဦးဟန်စိုး က မူကြိုကျောင်းရှိ ကလေးငယ်များ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ထို့နောက် ပွင့်ဖြူမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ ကျောင်းသားကျောင်းသူလေးများက ကဗျာ ရွတ်ဆိုဖျော်ဖြေမှုများ ၊ တေးသရုပ်ဖော် အကများဖြင့် တက်ရောက်လာကြသူများကို ကပြဖျော်ဖြေကြရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မော်မော်နှင့် မြို့ပေါ်ရှိ စေတနာအလှူရှင်များ ၊ ကျောင်းသားမိဘများက မူကြိုကလေးငယ်များကို မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)