နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် နှစ်လဲမှတ်ပုံတင်သက်တမ်းတိုး ယာဉ်စီးရေများပြားသဖြင့် အချိန်ကြာမြင့်ခြင်း၊ ယာဉ်ကြောကျပ်တည်းမှုဖြစ်ပေါ်ခြင်းများ လျော့နည်းသက်သာ စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)နှင့်(မန္တလေးတောင်ပိုင်း)တို့တွင် ယာဉ်စစ်ဆေး ရက်ချိန်းကြိုတင် စာရင်းသွင်းသည့်စနစ် Online Booking System အား ဆောင်ရွက်ပေးခဲ့ပြီး နောက်ပိုင်းတွင် မော်တော်ယာဉ်မှန်ကန်မှုရှိ/ မရှိစစ်ဆေးခြင်းကိုပါ Online Booking System ဖြင့်ဆောင်ရွက်ပေးခဲ့သည်။
ယာဉ်မှန်/မမှန်စစ်ဆေးခြင်းကို Online Booking System တွင်ရက်ချိန်းရယူ၍ အချိန် စောင့်ဆိုင်းလိုခြင်း မရှိသောယာဉ်ပိုင်ရှင်များသည် ပြင်ပတွင် ငွေ ၁၃၀ဝ၀ဝပေး၍ စစ်ဆေးနေကြကြောင်းသတင်းအရတိုင်းဒေသကြီးဦးစီးမှူး(ရန်ကုန်)မှတိုင်းဦးစီးမှူးဦးလျန်ကျင့်မန် ဦးဆောင်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် အသွင်ယူ၍ဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ ဝပ်ရှော့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အင်ဂျင်နီယာအယောင်ဆောင်၍ ယာဉ်အားစစ်ဆေးပေးနေသော ဦးအောင်ကျော်ဦး တောင်ဥက္ကလာပမြို့နယ်နေသူနှင့် ဆက်သွယ်ဆောင်ရွက်ပေးသူ ဦးပြည့်ဖြိုးအောင်(ခ) ပြည့်ဖြိုး သင်္ဃန်းကျွန်းမြို့နယ်နေသူတို့အား သက်သေများနှင့်အတူ ဖမ်းဆီးရမိသည်။ ၎င်းတို့(၂)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းနှင့် ပတ်သက်၍ Online Booking System ကျင့်သုံးသည့်ရုံးများအတွက် Online Booking ရယူ၍ ဆောင်ရွက်ရန်နှင့် Online Booking မရှိသောရုံးများအတွက် သက်ဆိုင်ရာ ရုံးဦးစီးမှူးများထံ ခွင့်ပြုချက်ရယူပြီး ရုံးဝင်းအတွင်း ယာဉ်စစ်ဆေးနိုင်ကြောင်း အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)


