နေပြည်တော် ၁၃ ဖေဖော်ဝါရီ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃)၏ ဂုံးကျော်တံတား ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတဘက်ကမ်း ရှခင်းသာမြို့ပတ်လမ်းနှင့် သန်လျင်တံတား ချဉ်းကပ်လမ်းထောင့်၌ ကျင်းပသည်။

 

11...1

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဂျပန်နိုင်ငံမြေ၊ အခြေခံအဆောက်အဦနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (MLIT)မှ ဒုတိယဝန်ကြီး Mr. Michio Kikuchi ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် JICA Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr. Masayuki Karasawa တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ယင်းနောက် ပန္နက်တော်တိုင်အမှတ် (၂) (၃) (၄) (၅) (၆) နှင့် (၇) တို့အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ JICA Myanmar Office မှ ဌာနေကိုယ်စားလှယ်နှင့် ဂျပန်ကန်ထရိုက်တာ ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌတို့က ပန္နက်တော်များ ရိုက်သွင်းကြပြီး ပန္နက်တော်တိုင်အမှတ်(၁)ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဂျပန်နိုင်ငံ MLIT မှ ဒုတိယဝန်ကြီးတို့က စက်ခလုတ်နှိပ်၍ Stand Pipe အား Vibro Hammer ဖြင့် ပန္နက်တော်ရိုက်သွင်းကြသည်။

 

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃)ကို (၄) လမ်းသွား ခေတ်မီတံတားအဖြစ် Package 1,2,3 အဖြစ် အဆင့်အလိုက် တည်ဆောက်သွားမည်ဖြစ်ပြီး Package (3)အဖြစ် ရန်ကုန်ဘက်ကမ်းရှိ Fly over Bridge  ကို စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး တံတားကို ဂျပန်နိုင်ငံ ODA Loan ဂျပန်ယန်း ဘီလီယံ ၃၀ ဖြင့် ဂျပန်နိုင်ငံ Consultant ကုမ္ပဏီနှင့် ဂျပန် Contractor ကုမ္ပဏီ (၂) ခုတို့မှ (၃၉)လကြာ တည်ဆောက်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသော သန်လျင် - သီလဝါ စက်မှုဇုန်သို့ဆက်သွယ်သည့် (၄) လမ်းသွားလမ်းမကြီး၏ တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။ 

 

သန်လျင် - သီလဝါ စက်မှုဇုန်လမ်းသည် ၈ ဒသမ ၇ ကီလိုမီတာအရှည်နှင့် (၁၄)မီတာအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဂျပန်နိုင်ငံ ODA Loan ဖြင့် ဂျပန်ယန်း ၄၆၁၃ သန်းဖြင့် ဂျပန်နိုင်ငံမှ Consultant Co.,Ltd Nippon Koei Co.,Ltd နှင့် ကန်ထရိုက်တာ Tekken Corporation နှင့် Sub-Contractor ဖြစ်သည့် Max Myanmar ကုမ္ပဏီတို့မှ တာဝန်ယူတည်ဆောက်ပြီး ယခုနှစ်အတွင်း ၁၀ဝ ရာခိုင်နှုန်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)