စဉ့်ကူး  ၁၃  ဖေဖော်ဝါရီ

 

၂၀၁၈-၂၀၁၉ စိုက်ပျိုးရာသီ ပဲကြီးမျိုးထုတ်စိုက်ကွက်၊ ပဲကြီးစံပြစိုက်ကွက်၊ ပဲကြီးသုတေသန စိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းမှု တောင်သူနည်းပညာပေး ကွင်သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက  စဉ့်ကူးမြို့နယ် ခတက်ချဉ်စိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။

 

ကွင်းသရုပ်ပြပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးတိုးဝေက သီးနှံမျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တိုးတက်ဆောင်ရွက်နိုင်ရေး၊ စီးပွားရေးတွက်ချေကိုက်မည့် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးလာစေရန်နှင့် ဓာတုဗေဒပစ္စည်များဖြစ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ သုံစွဲမှု လျော့ချရေးတို့နှင့် သဘာဝမြေသြဇာများ ပိုမိုသုံးစွဲပြီး သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦးမှ စိုက်ပျိုးရေးဆိုင်ရာ ပညာပေးနည်းလမ်းနှင့် ရာသီဥတုပြောင်းလဲမှု အခြေအနေများကို ရှင်းလင်းခြင်း၊ ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်မြင့်မြင့်မူမှ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေး အကြောင်းကိုလည်းကောင်း၊ ခတက်ချဉ်စိုက်ကွင်းမှူး ဦးသောင်းလှမှ ၂၀၁၈-၂၀၁၉ စိုက်ပျိုးရာသီ မျိုးထုတ်စိုက်ကွက်နှင့် သုတေသနစံပြစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေမြန်းဆွေးနွေးကြပြီး စိုက်ကွင်းအတွင်း စိုက်ပျိုးထားရှိသည့် ပဲကြီးစံပြစိုက်ကွက် အောင်မြင်ဖြစ်ထွန်းမှုများကို ကြည်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)