နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ လေရှီးမြို့နယ် ပန်ဆပ်၊ မွန်းကိုင်လင်နှင့် မသော်ရီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနများတွင် စံကိုက်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လေရှီးမြို့နယ်တွင် ကျေးလက်ကျန်းမာရေး စံကိုက်အဆောက်အဦ ၁ ခု ဆောက်လုပ်ပြီး ဖြစ်ပါကြောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၉ ခု စံကိုက် ဆောက်လုပ်ဆဲဖြစ်ပါကြောင်း၊ အဆိုပါ ပန်ဆပ်၊ မွန်းကိုင်လင်နှင့် မသော်ရီ ကျေးလက် ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဌာနပိုင် မြေအမည်ပေါက် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရရှိသည့်နေ့မှစ၍ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဒေသပေါက်ဈေးနှင့် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးအစီအစဉ်အဖြစ် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၊ ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်နှင့် နမ့်ဆန် မဲဆန္ဒနယ်မှ ဦးဝင်းထူးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၁၆ ချက်နှင့် သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိမည့် အချက် ၇ ချက်တို့ကို လွှတ်တော်သို့ တင်ပြသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ရယူသင့်ကြောင်းကို ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ ဝေဖြိုးအောင်က အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး တင်သွင်းသည့် နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ကျန်းမာလန်းဆန်းဖြောင့်မတ်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ ကာယစိတ္တ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ကြီးနိုင်ငံသားများ ကျန်းမာနုပျိုစေရေးတို့နှင့်အတူ မူးယစ်ဆေးဝါးနှင့် အခြားမလိုလားအပ်သော အာရုံများမှ ကင်းလွတ်သက်သာစေနိုင်မည့် အားကစားကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများချမှတ်၍ တိုက်တွန်းအားပေး ဖော်ဆောင်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်က မြန်မာ့အားကစားကဏ္ဍ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်ရန်မှာ အခြေခံကျသည့် မြို့နယ်နှင့် ကျေးလက်ဒေသများမှ အားကစားကွင်းများ ဖော်ထုတ်ပေးခြင်း၊ လိုအပ်ချက်များကို ထောက်ပံ့ခြင်း၊ နည်းပညာ အကူအညီပေးခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် အထောက်အကူ ကိရိယာများမပါသည့် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့် နေရာများ စီစဉ်ပေးခြင်း၊ နယ်မြေအလိုက် သတ်မှတ်ထားသည့် အားကစားကွင်း၊ အားကစားရုံများ၌ အားကစားနည်းများကို ပြည်သူလူထု အခမဲ့ ကစားခွင့် ရရှိနိုင်ရေးနှင့် အားကစားနှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ပြန့်စွာ သိရှိနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုရှင်၏ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် လက်တွေ့ကျသော စီမံချက်များချမှတ်ကာ နိုင်ငံသားအားလုံး၊ အဖွဲဲ့အစည်းများအားလုံး ပါဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားအားလုံး အားကစားလုပ်ကိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာ ကြွယ်ဝလာစေရန်တို့ကို စည်းရုံးလှုံ့ဆော်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အားကစား အဖွဲ့ချုပ်များ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် ပြီး လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ပေးရန်လည်း လိုအပ်ပါကြောင်း၊ အားကစား နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း၊ အားကစားပညာအား အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ပေးရန်နှင့် မျိုးဆက်သစ်လူငယ်၊ လူရွယ်အားကစားသမားများ ရရှိရေးအတွက် အခြေခံကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ ပါဝင်လာစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ အဖြေရှာရန် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေသော အားကစားကဏ္ဍမှ စွမ်းရည်မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်သောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ကျော်ကျော်က နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုအချိန်တွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဘဏ္ဍာငွေ ပိုမိုခွဲဝေပေးထားသည်မှာ အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ဘဏ္ဍာငွေပိုမိုရရှိ လာသည်နှင့်အမျှ ကျန်းမာကြံ့ခိုင်စေရန် အဓိကဖြစ်သည့် အားကစားကဏ္ဍကို ဘဏ္ဍာငွေအချိုးကျ ခွဲဝေပေးနိုင်မည်ဆိုပါက မိမိတို့မျှော်မှန်းသည့် ကျန်းမာသန်စွမ်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် နိုင်ငံသားများပေါ်ထွက်လာမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းဝင်း၊ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုင်းအိုက်လှ၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူ၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ လောင်းလုံး မဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ ဖရူဆို မဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေတို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အားကစားနည်းပညာသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်နှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လိုအပ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတော်၏ ပေါ်လစီများ၊ နိုင်ငံတော်၏ လိုအပ်သော ဘတ်ဂျက်များနှင့် နည်းပြဆရာများ စသည်တို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Human Capacity Building ကို ဦးစားပေးတည်ဆောက်ရန် လိုအပ်ပါကြောင်း၊ နောက်ပိုင်းတွင် Human Capacity Building တည်ဆောက်ရန် အားနည်းလာသည့်အတွက် အရည်အသွေးရှိ နည်းပြဆရာများရရှိရန် များစွာခက်ခဲလာပါကြောင်း။
ကျောင်းနေသူနှင့် ကျောင်းပြင်ပလူငယ်များ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ ဉာဏ်ရည် မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးသည့် မိခင်များ၊ တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးစွဲ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ လုပ်ငန်းခွင်ရှိ ပြည်သူများ၊ စစ်ဘေးရှောင်များ စသည်ဖြင့် အုပ်စုများစွာရှိရာတွင် ၄င်းတို့အတွက် လိုက်လျောညီထွေမှုရှိသော အားကစားများနှင့် ပြည်သူများ အလွယ်တကူ သွားရောက်လေ့ကျင့်နိုင်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနေရာများ စီစဉ်ပေးခြင်းဖြင့် ကျန်းမာနုပျို၍ ကာယစိတ်ဓာတ် ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ တိုင်းပြည်အတွက် ရရှိလာမည်ဟု မျှော်လင့်မိပါကြောင်းနှင့် အဆိုအား အတည်ပြုသင့်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)


