နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ (၁၃)ရက်နေ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်ပြီး ထိုနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များကိုစံပြအဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ လွတ်လပ်ရေး အရှည်တည်တံ့စေရန် လက်ဆင့်ကမ်း တာဝန်ယူရမည့်သူများသည် ယနေ့ကလေးများဖြစ်ကြောင်း၊ မိဘများသိရှိ နားလည်းပြီး ကလေးများကို နည်းစနစ်မှန်စွာ ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့နေ့မျိုးတွင် ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲများကို ကျင်းပပေးခြင်းဖြင့်က လေးများပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အဆင့်ဆင့်ပြောင်းလဲမှုများကို မိဘများသိရှိနားလည်ပြီး နည်းစနစ်တကျ ဂရုစိုက် ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် အနာဂတ်တွင် နိုင်ငံ့အရေးများကို လက်ဆင့်ကမ်းတာဝန်ယူနိုင်မှု သေချာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံကလေးများနေ့တွင် မိဘများနှင့် မိသားစုဝင်များက အသိရှိစွာဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့ရှိရပါသဖြင့် ဝမ်းမြောက်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ယနေ့ကလေးများကို အလေးထားပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်၍ မီးဖွားပြီးစမှ ကလေးအသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းနှင့် နို့ဖြတ်ပြီး (၆)လ ဖြည့်စွက်စာ ကျွေးခြင်းနှင့်ပတ်သက်၍ ဒေါက်တာယုဇနစောမြင့်ကလည်းကောင်း၊ ကလေးမီးဖွားပြီးခါစ အချိန်နှင့် နို့တိုက်မိခင် အာဟာရပြည့်ဝရေး ဆောင်ရွက်မှုကို ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအတွင်းရေးမှူး ဒေါက်တာမြသီတာကလည်းကောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုတိုင်းတာစစ်ဆေးခြင်းကို ကလေးသူငယ်ဖွံ့ဖြိုးမှု တိုင်းတာစစ်ဆေးခြင်း ပြည်တွင်းပညာရှင် ဒေါ်ခင်မေထွန်းချစ် တို့ကလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကလေးငယ်များ အမှိုက်ကိုစနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးတေး သီချင်းဖြင့်တေးသံရှင် ဆူမိုနှင့် သမီးငယ် မသူသူဟံသာတို့က သီဆိုဖျော်ဖြေခြင်း၊ နေပြည်တော် မူလတန်းကြိုကျောင်းများရှိ ရင်သွေးငယ်များက “ထာဝရလမ်းပြကြယ်”၊ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းများဖြင့် တေးသရုပ်ဖော်ကပြ ဖျော်ဖြေခဲ့ကြကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေကို တိုင်းတာစစ်ဆေးခြင်းနှင့် ကာယ၊ ဉာဏစွမ်း ရည်ပြိုင်ပွဲများတွင် ဆုရကလေးများနှင့် မိခင်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များက ဆုချီးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးတွင် လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်း လက်တွေ့သရုပ်ပြမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


