ရန်ကုန် ၁၃ ဖေဖော်ဝါရီ
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် စာတမ်းဖတ်ပွဲအဖြစ် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားအားကျ အတုယူဖွယ် ဂုဏ်ဒြပ်များကို ဖော်ညွှန်းသည့် စာတမ်းအား ရန်ကုန်တက္ကသိုလ် မြန်မာစာထူးချွန် တတိယနှစ် ဂုဏ်ထူးတန်းမှ ကျောင်းသား၊ ကျောင်းသူတို့က ဖတ်ကြားပြီး ကလေးငယ်များ ဗဟုသုတနှင့် ပျော်ရွှင်မှုရရှိစေရန် အလယ်တန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာပြိုင်ပွဲတို့အပြင် အလွတ်တန်းပြိုင်ပွဲများအဖြစ် ဗိုလ်ချုပ်ပုံတူ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ ဉာဏ်စမ်း၊ စက္ကူခေါက်၊ ဗိုလ်ချုပ်ပုံတူ ပန်းချီ၊ မိန့်ခွန်းကောက်နုတ်ချက် ပြိုင်ပွဲများ၊ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ အကအလှဖျော်ဖြေမှုများအတူ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများကို ကျင်းပရာ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
လသာမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသူ မကြည်ဇင်သန့်က ``ပြိုင်ပွဲတော်တော်တော်များ ဝင်ပြိုင်ခဲ့တယ်။
ဗိုလ်ချုပ်ရဲ့အကြောင်းနဲ့ ပတ်သက်ပြီး မသိသေးတာတွေ သိလာတယ်။
ဗဟုသုတတွေ အများကြီးရပါတယ်။ ဗိုလ်ချုပ်ရဲ့ရိုးသားဖြောင့်မတ်မှု စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုတွေကို အတုယူပြီး လူငယ်တစ်ဦးအနေနဲ့ ကြိုးစားသွားမှာပါ´´ ဟုပြောသည်။
ကြည့်မြင်တိုင်မြို့နယ် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်စောက ``အခုလို ပွဲတွေလုပ်ခြင်းအားဖြင့် ကလေးတွေအနေနဲ့ ဗိုလ်ချုပ်ကိုပိုပြီးသိလာမယ်။ ဗိုလ်ချုပ်လို နိုင်ငံချစ်စိတ်တွေ၊ ရိုးသားကြိုးစားတဲ့ စိတ်တွေရလာမယ်´´ ဟုပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်ဓာတ်ပုံပြပွဲအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းဆောင်ရွက်ခဲ့သည့် ပုံရိပ်များကိုပေါ်လွင်စေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းများ၊ ကျောင်းသားဘဝ မှတ်တမ်းများ၊ ဗြိတိန်နိ်ုင်ငံနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် မှတ်တမ်းများ၊ တပ်မတော်တွင် ပါဝင်ဆောင်ရွက်မှု မှတ်တမ်းများ၊ စည်းရုံးရေးခရီးစဉ် မှတ်တမ်းများ၊ မိသားစု မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမှတ်တရ စကားများ၊ လက်ရေးမူများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ်ပတ္တိ အကျဉ်းနှင့် ဂုဏ်ပြုကဗျာများ၊ အဆို အမိန့်များကိုလည်း လူငယ်များသိရှိစေရန် ဓာတ်ပုံပိုစတာများဖြင့် ပြသထားသည်။
ထို့အပြင် ဖျော်ဖြေရေး သမိုင်းဝင် ဗီဒီယိုပြခန်းနှင့် အသိပညာပေး ပြခန်းများကိုလည်း ဖွင့်လှစ်ပြသထားသည့်အပြင် အလှူရှင်များကလည်း ပဲပြုတ်နှင့် နံပြား၊ အအေး တို့ကို စတုဓိသာအဖြစ် ကျွေးမွေးလှူဒါန်းကြသည်။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိ်ုင်ငံအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ချက်များကို လူငယ်များ အတုယူနိုင်စေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြောင့်မတ်တည်ကြည်သော စိတ်၊ ရဲဝံ့စိတ်နှင့် မဆုတ်မနစ် အားထုတ်တတ်သော စိတ်များကို လူငယ်များ အတုယူနိုင်စေရန်၊ စိတ်ဓာတ်၊ အရည်အသွေးနှင့် ပြည့်ဝ၍ရွံ့ရွံ့ချွံချွံ သယ်ပိုးထမ်းရွက်လိုသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမနှင့် ရန်ကုန်မြို့နေ ပြည်သူများ တက်ရောက်ကြသည်။
ယင်းကဲ့သို့ အထိမ်းအမှတ်အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရှေ့ပိုင်းခရိုင်တွင် တောင်ဥက္ကလာပမြို့နယ်တွင် ပဒေသာ ပန်းခြံအတွင်း၌ လည်းကောင်း၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ပန်းခြံ၌ လည်းကောင်း၊ တောင်ပိုင်းခရိုင်တွင် သန်လျင်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် ကျင်းပမှုများကို မရမ်းကုန်းမြို့နယ်တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် လည်းကောင်း၊ စမ်းချောင်းမြို့နယ်တွင် လည်းကောင်း သက်ဆိုင်ရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့အတွင်း မြို့နယ်များရှိ ရပ်ကွက်များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် စတုဓိသာကျွေးမွေးမှု အလှူများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တို့တွင်လည်း လာရောက်လေ့လာသူ၊ ဂါရဝပြုသူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


