မောင်သာယာ

 

ကမ္ဘာတစ်ဝန်း ပင်လယ်ရေမျက်နှာပြင်သည် ၁၉၀၀ ပြည့်နှစ်မှစ၍ ပိုမိုလျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးထားသည်။ ယင်းသို့ ပင်လယ်ရေ မြင့်တက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် နယ်သာလန်ကဲ့သို့သော နိုင်ငံအချို့တွင် ရေကြီးနစ်မြုပ်မှုအန္တရာယ်ရှိနေပြီး မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူလူဦးရေ သန်း ၉၀၀ ကို အန္တရာယ်ဖြစ်စေသည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ဖေဖော်ဝါရီ ၁၄ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မိန့်ခွန်းတွင် အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကမ္ဘာ့အပူချိန်သည် ပျမ်းမျှ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် တိုးလာမည်ဆိုပါက ပင်လယ်ရေမျက်နှာပြင် အလွန်မြင့်တက် လာမည်ဖြစ်ကြောင်း ဂူတာရက်စ်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကမ္ဘာကြီးသည် ပူနွေးစေမည့် လမ်းကြောင်းပေါ်တွင် ရောက်နေဖွယ်ရှိကြောင်း ဂူတာရက်စ်က သတိပေးထားသည်။ ယင်းကဲ့သို့ ကမ္ဘာကြီးပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလျှင် နိုင်ငံအများအပြား အထူးသဖြင့် ကျွန်းနိုင်ငံငယ်လေးများမှာ ပျောက်ကွယ်သွားနိုင်သည်ဟု ၎င်းကပြောကြားသည်။

 

မြို့ကြီးအများအပြားသည် ပင်လယ်ရေမြင့်တက်လာမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဂူတာရက်စ်က ပြောကြားသည်။ ၎င်းစာရင်းပြုစုထားသည့် မြို့ကြီးများမှာ အာဖရိကတွင် ကိုင်ရိုမြို့၊ လာဂေါ့စ်မြို့နှင့် မာပိုတိုမြို့၊ အာရှတွင် ဘန်ကောက်၊ ဒါကာ၊ ဂျကာတာ၊ မွမ်ဘိုင်း နှင့် ရှန်ဟိုင်းမြို့တို့ဖြစ်ကြသည်။ ပင်လယ်ရေမြင့်တက်လာမှု အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် အခြားသောမြို့ကြီးများမှာ ဥရောပတွင် ကိုပင်ဟေဂင်နှင့် လန်ဒန်၊ အမေရိကတွင် လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ ဗျူနိုအေးရိစ်နှင့် ဆန်တီ ယာဂိုမြို့တို့ဖြစ်ကြသည်။

 

ကမ္ဘာ့မိုးလေဝသအဖွဲ့က ပင်လယ်ရေ မြင့်တက်လာမှုအန္တရာယ်ဆိုင်ရာ အချက်အလက်များကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဂူတာရက်စ်က ပြောကြားသည်။ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀ အတွင်း ယခင်ရာစုနှစ်များထက် ၁၉၀၀ ပြည့်နှစ်မှစ၍ ပိုမိုလျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်းနှင့် ကမ္ဘာ့သမုဒ္ဒရာသည် လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀ ကာလအတွင်း ပြီးခဲ့သည့် ရာစုနှစ်များအတွင်း ပိုမိုပူနွေးလာခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

ကမ္ဘာကြီးပူနွေးမှုကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကန့်သတ်ထားနိုင်မည်ဆိုလျှင်ပင် လာမည့်နှစ်ပေါင်း ၂၀၀၀ အတွင်း ပင်လယ်ရေမျက်နှာပြင်သည် နှစ်မီတာမှ သုံးမီတာအထိ မြင့်တက်လာ ဖွယ်ရှိကြောင်း၊ ၂ ဒီဂရီစင်တီဂရိတ် တိုးလာလျှင် ပင်လယ်ရေမျက်နှာပြင်သည် ခြောက်မီတာ မြင့်တက်လာမည် ဖြစ်ပြီး ၅ ဒီဂရီစင်တီဂရိတ် တိုးလာလျှင် ပင်လယ်ရေမျက်နှာပြင်သည် ၂၂ မီတာ မြင့်တက်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေဝသအဖွဲ့က ပြောကြားသည်။

 

အကျိုးဆက်များမှာ ခန့်မှန်း၍မရနိုင် အောင်ပင်ဖြစ်ရသည်ဟု ဂူတာရက်စ်က ဆိုသည်။ မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့်လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတစ်ခုလုံး ပျောက်ကွယ်သွားနိုင် သည့် အဖြစ်များနှင့် ကြုံတွေ့ရနိုင်သည်။ ကမ္ဘာပေါ်တွင် လူအစုလိုက်အပြုံလိုက် နေရာပြောင်းရွှေ့ရသည့် အလွန်ထိတ်လန့် စရာကောင်းသော အဖြစ်မျိုး မြင်တွေ့ရဖွယ်ရှိသည်။ ရေချို၊ မြေယာနှင့် အခြားသော အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာလိမ့်မည်ဟု ဂူတာရက်စ်က ပြောကြားသည်။

 

၂၀၁၅ ပါရီသဘောတူညီချက်သည် ယနေ့စက်မှုခေတ်ကာလမတိုင်မီ အချိန်များနှင့်နှိုင်းယှဉ်ကာ ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့အပူချိန်ပျမ်းမျှ ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်မှုကို ကန့်သတ်နိုင်ရန် နိုင်ငံများကို တောင်းဆိုထားသည်။ ဆိုလိုသည်မှာ နိုင်ငံများအနေဖြင့် မြင့်တက်လာသည့်အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ တတ်နိုင်သမျှ ထိန်းချုပ်ထားသင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံပေါင်း ၇၅ နိုင်ငံ မှ တင်ပြဆွေးနွေးချက်ကို ကြားနာခဲ့သည်။ ဆွေးနွေးချက်အားလုံးမှာ စိုးရိမ်စိတ်များရှိနေကြသည်။ အချို့က ၎င်းတို့နိုင်ငံများ၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် စိုးရိမ်နေကြသည်။ ဆာမိုအာကျွန်းနိုင်ငံ၏ ကုလသမဂ္ဂသံအမတ်ကြီး ပါအိုလေလီ လူးတေရိုသည် ကျွန်းနိုင်ငံငယ်များ မဟာမိတ်အဖွဲ့အတွက် မိန့်ခွန်းပြောကြားခဲ့သည်။ ပါအိုလေလီ လူးတေရိုက ကျွန်းနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို ဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံးနိုင်ငံများတွင် ပါဝင်ကြောင်း၊ သို့သော်လည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၏ အကျိုးဆက်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရပါ ကြောင်း ပြောကြားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များကို ဖြည့်ဆည်းပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးရန် အရေးတကြီး လိုအပ်နေပါကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 

ပါအိုလေလီ လူးတေရို၏ ပြောကြားချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမျိုးသမီးသံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က သဘောတူ ထောက်ခံသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၏ ခြိမ်းခြောက်မှုမှာ အမှန်တကယ်ဖြစ်ကြောင်း၊ ယင်းမှာ ရာသီဥတု ပြောင်းလဲမှု၏ တိုက်ရိုက်အကျိုးဆက် ဖြစ်ကြောင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေးကိစ္စဖြစ်ကြောင်း လင်ဒါက ပြောကြားသည်။ အဆိုးရွားဆုံး အကျိုးသက်ရောက်မှုများကို ရှောင်လွှဲ၍ရနိုင်ပါကြောင်း၊ သို့သော်ကျွန်မတို့ ယခုအချိန် ကစပြီးလုပ်ဆောင်ရမှာဖြစ်ပြီး အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသည်။

 

ကိုးကား- UN Chief: Rising Seas a ‘Death Sentence’ for Some Nations ကို ဘာသာပြန်သည်။