ဖေဖော်ဝါရီ ၂၇
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆောပိုလိုပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက်သီတင်းပတ်တစ်ပတ်အကြာ သေဆုံးသူ ၆၅ ဦးအထိမြင့်တက်လာကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
အဆိုပါမြေပြိုမှုများကြောင့် သေဆုံးသူများတွင် အရွယ်မရောက်သေးသောသူ ၁၉ ဦးပါဝင်ကြောင်း ထိုပြည်နယ်အစိုးရက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
မီးသတ်သမားများ၊ စစ်သားများ၊ စေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးလုပ်သားများက ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ထိုမြေပြိုမှုများကြောင့် နေအိမ်များဆုံးရှုံးခဲ့သည့် လူ ၂၄၄၀ နီးပါး ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ဖော်ပြထားသည်။ ပိတ်ထားသောလမ်းမများကို ယမန်နေ့က ပြန်လည်အသုံးပြုခွင့်ပေးခဲ့သော်လည်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေနုတ်မြောင်းစနစ်ပျက်စီးခဲ့သည့် ဆောပိုလိုပြည်နယ်ရှိ ဘာတီအိုဂါနှင့် မိုဂီဒါခရုစ်ကို ဆက်သွယ်ထားသော အဝေးပြေလမ်းမကိုမူ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။
ဘရာဇီးနိုင်ငံရှိ ဘာတီဂါ၊ ကာရာဂူတာတူဘာ၊ ဂါရူဂျာ၊ အီဟာဘီလာ၊ ဆောစီဘတ်တီအိုနှင့် ဉဘာတူဘာ ကမ်းရိုးတန်းမြို့များတွင် ဖေဖော်ဝါရီ ၁၉ ရက်က ၂၄ နာရီထက်မနည်း စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပွားခဲ့သည်။
သဘာဝဘေးဒဏ်ခံရသော မြေဧရိယာ ၁၄၀၀၀တွင် ဘရာဇီးနိုင်ငံသား လေးသန်းနီးပါး နေထိုင်ကြသည်ဟု ပေါင်းစည်းရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


