ရန်ကုန် ၁၃ ဖေဖော်ဝါရီ
ရန်ကုန်တိုင်း မသန်စွမ်းသူများအသင်း ဖွဲ့စည်းဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဗဟိုလမ်းရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရရုံး၌ ကျင်းပခဲ့သည်။
“ဒီကနေ့ မသန်စွမ်းသူများအသင်းကို ရန်ကုန်တိုင်းအနေနဲ့ ပထမဦးဆုံး ဖွဲ့စည်းတာပါ၊ ဘာကြောင့် ဖွဲ့စည်းရသလဲဆိုရင် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွဲ့စည်းပုံစည်းမျဉ်း ရေးဆွဲပြီးလို့ ဖွဲ့စည်းပုံစည်းမျဉ်း လိုအပ်ချက်အရ တစ်နိုင်ငံလုံးအတွက် ကိုယ်စားပြုမယ့် အမှုဆောင်တွေ လိုလာမယ်၊ တိုင်းနှင့် ပြည်နယ် အသီးသီးက စနစ်တကျ ရွေးချယ်လိုက်တဲ့ ကိုယ်စားကိုယ်စားလှယ်တွေဟာ အသင်းချုပ်ကိုယ်စားလှယ်တွေပါပဲ မြို့နယ်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့လည်း ရည်ရွယ်ထားပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း(ယာယီ) ဒုတိယ ဥက္ကဋ္ဌ-၂ ဦးဝင်းဇင်က ပြောသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ခရိုင်အလိုက် ကိုယ်စားလှယ် အရှေ့ပိုင်းခရိုင်မှ ၉ ဦး၊ အနောက်ပိုင်းခရိုင်မှ ၁၁ ဦး၊ မြောက်ပိုင်းမှ ၇ ဦး၊ တောင်ပိုင်းခရိုင်မှ ၁ ဦးနှင့် ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (ယာယီ)ဥက္ကဋ္ဌ ဦးသိန်းလွင်က အသင်း၏ ဖွဲ့စည်းပုံအဆင့်ဆင့် ရှင်းလင်းပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များ မဲပေးရွေးချယ်မှုဆိုင်ရာများကို အသင်းချုပ် (ယာယီ) အလုပ်အမှုဆောင် ဦးညွှန့်အောင်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-မျိုးကြီး


