မြိတ် ၁၃ ဖေဖော်ဝါရီ  

 


မြိတ်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် တနင်္သာရီတိုင်းဒေသကြီး၊ မြတ်ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပုလဲရတနာ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 


ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်က ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက မိမိတို့အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် ခေတ်အဆက်ဆက်တွင် မည်သည့်နိ်ုင်ငံရေးစနစ် ကျင့်သုံးခဲ့သည်ဖြစ်စေ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ခိုင်မာအောင်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ ပြန့်နှံ့ထိရောက်အောင် အစဉ်အဆက် ထမ်းဆောင်ခဲ့ကြပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကကျောရိုး ဒေါက်တိုင်သည် မိမိတို့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်ပြီး မိမိတို့၏ အလုပ်တာဝန်ကို တန်ဖိုးထားဂုဏ်ယူတတ်ကြရန် အထူးပင်အရေးကြီးကြောင်းကို အလေးအနက်ထား ပြောကြားလိုပါကြောင်း။

 

f

 

ယနေ့မိမိတို့နိုင်ငံတွင် ထွေအုပ်ဆိုပါက လူများ၏အမြင်၊ လူများ၏ဝေဖန်မှုများ မည်သို့ရှိသည်ကို အားလုံးသိရှိထားကြပြီးဖြစ်ပါကြောင်း၊ ယင်းကို စိတ်ပျက်အားလျော့ စရာမလိုပါကြောင်း၊ နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ မူနှင့်အညီ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ကြရခြင်းဖြစ်သည်ကို မိမိတို့နားလည်ထားရန် လိုပါကြောင်း၊ ပြောင်းလဲလာသည့် နိုင်ငံတော်၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ မျှော်မှန်းချက်များပြည့်ဝအောင် မိမိတို့ဝန်ထမ်းများအားလုံး အလုပ်မာနထားရှိကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း။

 


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂၃/ဝ၁၈)၏ သဘောတူညီချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသိ်ု့ ရွှေ့ပြောင်းပြီးသည့်နောက်တွင် မိမိတို့ဝန်ထမ်းများ မည်သို့ပြောင်းလဲပြီး လုပ်ကိုင်ကြရမည်ဆိုသည်မှာ အားလုံးသိချင်နေကြသည့် မေးခွန်းတစ်ရပ်ဖြစ်လာခဲ့ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ လက်ကိုင်ထားရမည့် လမ်းညွှန်ချက်အနေဖြင့် နိုင်ငံတော်သမ္မတက ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း။

 


မိမိတို့ဝန်ထမ်းများအနေဖြင့် တည်ငြိမ်သည့်အုပ်ချုပ်ရေးယန္တရားကို ဆက်လက်ထိန်းသိမ်းပြီး တစ်ချိန်တည်းမှာပင် ပြုပြင်ပြောင်းလဲမှုများကို စဉ်တိုက်ဆက်တိုက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့အထွေထွေအုပ်ရေးဦးစီး ဌာနအနေဖြင့် ဝန်ကြီးဌာနရွှေ့ပြောင်းလိုက်သည့်နောက် အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ရေးကာလအဖြစ် ၂၀၁၉ ခုနှစ် ပထမ ၃ လတာကို ရည်မှန်းဆောင်ရွက်နေပါကြောင်း၊ တစ်ချိန်တည်းမှာပင် နောက်လာမည့် ၃ လတာအတွင်း ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်အောင် အထွေထွေအုပ်ရေးဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ပြုပြင်ပြောင်းလဲလိုစိတ်ကို အခြေခံပြီး ပညာရှင်များ၏ ဆန်းစစ်လေ့လာသုံးသပ်မှုများနှင့် ဆက်စပ်ကာ လက်တွေ့ကျကျ ထိထိရောက်ရောက် အရှိန်အဟုန်ဖြင့်တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထွေအုပ်ပြုပြင်ပြောင်းလဲရေးတွင် အသွင်သဏ္ဍာန် ပြောင်းလဲရေးနှင့် အနှစ်သာရပြောင်းလဲရေးကို စနစ်တကျ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေပါကြောင်း။

 


မိမိအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းအတော်များများနှင့် တွေ့ဆုံပြီး ၎င်းတို့ရင်ထဲက သဘောထားများကို အချိန်ပေးနားထောင်ကာ ဂရုတစိုက် ဆင်ခြင်သုံးသပ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် လူများ၏သဘောထားအမြင် ပြောင်းလဲလာစေရန် ပြည်သူနှင့်တစ်သားတည်း ရပ်တည်ဆောင်ရွက်နိုင်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်လာစေရန် မခံချင်စိတ်နှင့်ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ထားသည်များ ခိုင်ခိုင်မာမာရှိနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ထမ်းများကို မိမိယုံကြည်မှု အပြည့်အဝရှိပါကြောင်း၊ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံရေး စနစ်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သည့် ထွေအုပ်ဝန်ထမ်းများသည် ပြုပြင်ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ပြီးနောက် ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မဖြစ်နိုင်တာမရှိဟု မိမိအခိုင်အမာယုံကြည်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၂၀၁၉ ခုနှစ်ကစပြီး အသွင်သစ်၊ အမြင်သစ်၊ မျှော်မှန်းချက်အသစ်များဖြင့် ပြည်သူများအတွက် အလွယ်တကူ သိမြင်နိုင်သည့် အပြောင်းအလဲများကို ဖန်တီးပေးရန် ပြင်ဆင်နေပြီဆိုသည်ကို မိမိအနေဖြင့် သတင်းစကားပါးလိုပါကြောင်း။ 

 


ယင်းသည် မိမိတို့ထွေအုပ်ဝန်ထမ်းများကို ယုံကြည်မှုအပြည့်ရှိသည့်အတွက် ထိုသတင်းစကားကို ပြောရခြင်းဖြစ်ပါကြောင်း၊ မိမိ၏ယုံကြည်မှုကို အလေးအနက်ခံယူပြီး လူထု၏လေးစားယုံကြည်မှုကို ရယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 


ဝန်ထမ်းများကို အသိပေးလိ်ုသည်မှာ ယခုလထဲမှာပင်  အထွေထွေအုပ်ရေး ဝန်ထမ်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေပါကြောင်း၊ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင်များ၏ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ နမူနာယူစရာများကို အခြေခံပြီး အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် အခြေအနေများတွင် မည်သည်တို့ကို ပြုပြင်ကြမည်၊ မည်သည်တို့ကို ပြုပြင်သင့်သည် ဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ စဉ်းစားသုံးသပ်၊ အချင်းချင်း အပြန်အလှန် ဆွေးနွေးကြပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များ ချမှတ်သွားရန် စီစဉ်ထားပါကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စတင်ပြီး စဉ်းစားသုံးသပ်သည့် အချိန်မှစ၍ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲချိန်၊ ပြန်လည်သုံးသပ်ဆန်းစစ် သည့်အချိန်များအထိ လူထုနှင့် အနီးစပ်ဆုံးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၏ ပြုပြင်ပြောင်းလဲလိုသည့် အတွေးအခေါ်များ၊ အယူအဆများ စိတ်ကူးစိတ်သန်းများ ပါဝင်နေရန် ဖြစ်ပါကြောင်း။

 


အလုပ်ရုံဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မျှော်မှန်းချက် Vision၊ ရည်မှန်းချက် Mission က ဘာလဲဆိုသည်ကို ပြန်လည်သုံးသပ်ကြမည်ဖြစ်ပါကြောင်း၊ Vision နှင့် လိုက်လျောညီထွေဖြစ်မည့် အုပ်ချုပ်ရေးအာဏာကို လက်ရှိပုံစံမှ မည်သို့ ပြောင်းလဲမည်၊ ယင်းမျှော်မှန်းချက်အတိုင်း လိုက်နာကျင့်သုံးရမည့် အခြေခံမူများက ဘာတွေဆိုသည်ကို ဆွေးနွေးကြရန်လည်း ရှိပါကြောင်း၊ ချမှတ်မည့် မျှော်မှန်းချက်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုးကား ဆောင်ရွက်ရမည့် ဝန်ထမ်းလက်စွဲများ ပြုစုရေးကိစ္စကိုလည်း ဆောင်ရွက်ကြရန်ရှိပါကြောင်း။

 


အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲရန်လည်း စဉ်းစားသုံး သပ်ကြရမည် ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးပုံ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲပုံများတွင်လည်း အုပ်ချုပ်ရေးဝန်ထမ်းများ ရွေးချယ်ခန့်ထားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လေ့ကျင့်သင်ကြားပုံများ ပြုပြင်ပြောင်းလဲရေး စသည့်အချက်များကိုလည်း အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး သုံးသပ်သွားရန် ရှိပါကြောင်း။

 


တစ်ဆက်တည်းမှာပင် ယင်းအလုပ်ရုံဆွေးနွေးပွဲမှ တစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီမှ အစိုးရအဖွဲ့အတွင်းရေးမှူးများကို မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အတွင်းက စိတ်ကြိုက်မြို့တစ်မြို့စီရွေးချယ်ပြီး ဦးစားပေး (၃) မြို့ကို ပြန်တင်ပြနိုင်ရန်လည်း စီစဉ်ထားပါကြောင်း၊ ယင်းမှာ “ပြုပြင်ပြောင်းလဲမှုအတွက် ပြည်နယ်တစ်ခု မြို့နယ်တစ်ခု စီမံချက်” One State - One Township Project ဟု ခေါ်ပါကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်များသည် မိမိတို့နယ်မြေအတွင်းမှ အလားအလာအကောင်းဆုံး မြို့တစ်မြို့စီရွေးချယ်ပြီး သတ်မှတ်ကာလအတွင်း အောင်မြင်အောင် လုပ်ကြရန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး မြို့တိုင်းမြို့တိုင်းတွင် တစ်ပြေးညီလုပ် မည်ဆိုပါက ကြွေးကြော်သံသာရှိပြီး လက်တွေ့အကောင်အထည်ဖော် ရန်အခက်အခဲ ရှိနိုင်သည့်အတွက် တစ်ပြည်နယ်ကို တစ်မြို့နယ်ရှေ့ပြေးအနေနှင့် လုပ်ကြည့်သွားမည် ဖြစ်ပါကြောင်း၊ ယင်းရှေ့ပြေးစီမံကိန်းများ မြင်သာထင်သာဖြစ်ပေါ်လာပြီးပါက ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း။

 


နိဂုံးချုပ်အနေဖြင့် မိမိတို့အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် အစိုးရများ မည်သို့ပင်ပြောင်းပြောင်း၊ နိုင်ငံရေးစနစ်များမည်သို့ပင် ပြောင်းပြောင်း ခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးကျောရိုးမဏ္ဍိုင်ကြီးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာပြ ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်သူလူထုကို မျက်နှာမူသည့် အုပ်ချုပ်ရေး မဏ္ဍိုင်တစ်ရပ်ဖြစ်လာရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်သည့်အတွက် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားသည်။ 

 


ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက် ရန်မှာကြားသည်။ 

 


(သတင်းစဉ်)