ဒေါက်တာမြတ်မိုး

အားနည်းချက်၊ အားသာချက်ဆိုတာ ကိုယ်စီ လူတိုင်းမှာရှိကြတယ်။ ရှိတာကို ရှာဖွေတတ်ဖို့လိုတဲ့အပြင် အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင် စွမ်းလည်းရှိရပါမယ်။ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ အခွင့်အလမ်းဆိုရင်လည်း အမိအရ ဖမ်းယူဆုပ်ကိုင်တတ်ဖို့ လိုပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှု၊ ခြိမ်းခြောက်လာနိုင်မှုမှန်သမျှ ကြိုတင်မြော်တွေးထားရန်နဲ့ ဖြစ်လာပါက ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ... စသည်ဖြင့်။

SWOT ဆိုတာ 

မိမိတို့မှာရှိနေတဲ့ အားနည်းချက် weakness (W)၊ အားသာချက် strength (S)၊ အခွင့်အလမ်း opportunity(O)နဲ့ ခြိမ်းခြောက်မှု threat(T) ဒီလေးခုကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ခြင်း (SWOT analysis) ပြုလုပ်နိုင်စွမ်းရှိခြင်းဟာ ယနေ့ခေတ် ပဋိပက္ခမျိုးစုံကြား ရှင်သန်လှုပ်ရှားနေရသူတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ မိမိဘဝ မိမိအဖွဲ့အစည်း တိုးတက်ကြီးပွား အောင်မြင်ဖို့အတွက် မဟာဗျူဟာကျကျ ချဉ်းကပ်ရာမှာလည်း‌ကောင်း၊ မူဝါဒတစ်ခုရေးဆွဲဖို့ အကြံဉာဏ်ပေးအပ်ရာမှာ လည်းကောင်း၊ လုပ်ငန်းတစ်ခုခု စတင်တော့မယ်ဆိုရင် အထူးသဖြင့် အခုလိုအပြိုင်အဆိုင် ခေတ်ကြီးမှာ တိုက်ပွဲတစ်ပွဲဆင်နွှဲမယ့်ပုံစံနဲ့ စီမံကိန်းချမှတ်၊ စနစ်တကျ ဆောင်ရွက်မှသာ ရည်မှန်းချက် ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ 

အဓိကက ကိုယ့်အကြောင်းလည်းသိဖို့အပြင် ပြိုင်ဘက်ကိုသတိပြုတတ်ဖို့နဲ့ ပြိုင်ဘက်အကြောင်း လည်းသိနေဖို့ပါ။ ကိုယ့်အကြောင်းလည်း ဂဃနဏ မသိ၊ ပြိုင်ဘက်အကြောင်းလည်း အသေအချာမသိသူဟာ ကျဆုံးဖို့အလွန်များပါတယ်။ စီးပွားရေးလုပ်ငန်းဆိုရင် ပြိုင်ဘက်ရဲ့ထိုးနှက်ခြင်းခံရလို့ အကျိုးအမြတ်နည်းပြီး ဆုံးရှုံးမှုများတတ်ပါတယ်။ ပြဿနာဖြေရှင်းဖို့ SWOT analysis ကို ကောင်းကောင်းမလုပ်နိုင်သူဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်မှာမဟုတ်သလို ပြဿနာမဖြစ်ခင်ကတည်းက SWOT ကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိထားမှသာလျှင် ပြဿနာမဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးကို ရောက်ရှိမှာဖြစ်ပါတယ်။ 

SWOT မှာ အားနည်းချက်နဲ့ အားသာချက်ဟာ မိမိအတွင်းသဏ္ဌာန်၊ မိမိအဖွဲ့အစည်းရဲ့အတွင်း လက္ခဏာ (internal) မှလာပြီး အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုကတော့ ပြင်ပလက္ခဏာ (external) ရိုက်ခတ်မှုမှ လာတယ်လို့ဆိုပါတယ်။ အားနည်းချက်၊ အားသာချက်ကို မိမိရဲ့အတွင်းမှာသာ ရှာဖွေရမှာ ဖြစ်ပြီး ပြင်ပကလွှမ်းမိုးလာတဲ့ အခွင့်အလမ်းတို့၊ စိန်ခေါ်မှုတို့ကတော့ မိမိပယောဂကြောင့် မဟုတ်တဲ့ အတွက် ကြိုတင်မျှော်လင့်တွက်ချက် ပြင်ဆင်ထားမှသာလျှင် အဆင်ပြေအောင်မြင်မှာ ဖြစ်ပါတယ်။ မိမိရဲ့အားသာချက်နဲ့အတူ ပြင်ပကလာတဲ့ အခွင့်အလမ်းကောင်းများက အပေါင်းလက္ခဏာဆောင် စေမှာဖြစ်ပြီး မိမိရဲ့အားနည်းချက်နဲ့ မမျှော်မှန်းထားတဲ့ ခြိမ်းခြောက်မှုဆိုတာ အနုတ်လက္ခဏာဆောင် လေ့ရှိပါတယ်။ 

Presentation များက ဖော်ထုတ်ခဲ့တဲ့ ဌာနတွင်း SWOT Analysis 
အတော်များများက သိပြီးဖြစ်ကောင်းဖြစ်ပေမယ့် SWOT Analysis ဆိုတဲ့ ဝေါဟာရတစ်ခု ကို junior တွေအတွက်ရည်ရွယ်ပြီး ဌာနတွင်း presentation meeting စွမ်းဆောင်ရည်မြှင့် အစီ အစဉ်လေးတစ်ခုကို လုပ်ဖြစ်ခဲ့ပါတယ်။ အထူးခြားကြီးတော့ မဟုတ်ပါဘူး။ အားလုံးဟာ ဘာကိစ္စပဲ လုပ်လုပ် ကိုယ့်အားနည်းချက်ကို ရှောင်ကွင်းပြင်ဆင်ပြီး ရှိနှင့်တဲ့အားသာချက်များနဲ့အတူ လုပ်တတ်ကိုင်တတ်ပြီးသား ဖြစ်ကြပါတယ်။ 

ရလာတဲ့အခွင့်အလမ်းကို မရရအောင်ယူပြီး ကြုံလာတဲ့ အခက်အခဲမှန်သမျှလည်း ရင်ဆိုင် ဖြေရှင်းတတ်ကြပါတယ်။ ဌာနရှိဝန်ထမ်းတွေအနေနဲ့ နောင်အနာဂတ် အခင်းအကျင်းအတွက် ရည်ရွယ်ပြီး ဌာနအလိုက် အကောင်းဆုံးနဲ့ စဉ်ဆက်မပြတ် စွမ်းဆောင်မှု The best and sustainable performance ရရှိဖို့အတွက် မိမိဌာနအလိုက် အားနည်းချက်၊ အားသာချက် ဘာတွေရှိသလဲ၊ အခွင့်အလမ်းတွေက ဘာတွေလဲ၊ မမျှော်မှန်းနိုင်တဲ့ အခက်အခဲစိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဘာတွေ ကြုံတွေ့ရနိုင်သလဲ၊ ဖော်ထုတ်နိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးခြင်းအစီအစဉ်တစ်ခုပါပဲ။ ပါဝင်ခဲ့ကြတဲ့ ဌာနကိုယ်စားပြုဝန်ထမ်းများဟာ SWOT Analysis သဘောတရားကို ကောင်းစွာကျေညက်ကြပြီး အကောင်းဆုံးဖြစ်အောင် သုံးသပ်ဖော်ထုတ်နိုင်ခဲ့ကြတာကို တွေ့ရတဲ့အတွက် အနာဂတ်မှာ ဝန်ထမ်းတွေ ရဲ့ စွမ်းဆောင်မှုနဲ့အတူ အဖွဲ့အစည်း Institution အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုကို ထင်ဟပ်စေတဲ့ ရလဒ်ကောင်းများစွာ ထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။    

မိမိရဲ့အားနည်းချက် အားသာချက်‌က ဘာတွေဖြစ်မလဲ 

မိမိ သို့မဟုတ် မိမိအဖွဲ့အစည်းအတွင်းက မိမိဝန်ထမ်းတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး (talent)၊ စွမ်းဆောင်ရည် (ability)၊ ကိုယ်ရည်ကိုယ်သွေး (personality)၊ ကြိုးစားအားထုတ်မှု (effort) စတဲ့ အရည်အသွေးတွေဟာ အားသာချက်လည်းဖြစ်နိုင်သလို အားနည်းချက်များလည်း ဖြစ်နိုင်ပါတယ်။ ကောင်းကျိုးရလဒ် ထွက်ပေါ်မယ်ဆိုရင် အားသာချက်ဖြစ်ပြီး ဆုံးရှုံးမှုကိုဖြစ်စေရင် အားနည်းချက်ပဲပေါ့။ တစ်ခါတစ်ရံ မိမိပိုင်ဆိုင်တဲ့ ကျွမ်းကျင်ဝန်ထမ်း အရေအတွက်၊ လုပ်သက်ရင့်ကျက်ဝန်ထမ်းအရင်း အမြစ်များနဲ့ အရင်းအနှီးငွေကြေးပမာဏ၊ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အသုံးချနိုင်စွမ်း (efficient) ဖြစ်တဲ့ စက်ပစ္စည်းကိရိယာ အနေအထားများကလည်း အားသာချက်အဖြစ် ဖန်တီးပေးတတ်ပါတယ်။ 

ကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်ဖို့ဆိုရင် ဒီအစိတ်အပိုင်းတွေကို ကြိုတင်တွက်ချက် ဖြည့်တင်း စီမံထားရမှာဖြစ်ပါတယ်။ တချို့ဟာ တစ်ချိန်က သင်တန်းတွေမှာ မိမိအဖွဲ့အစည်းရဲ့ အားသာချက်၊ အားနည်းချက်ကိုရှာဖို့ ခဲယဉ်းနေတာမျိုးကြုံရတဲ့အခါ အဖွဲ့အစည်းရဲ့အင်္ဂါရပ်များကို အသေးစိတ် ချရေးပြီး လေ့ကျင့်ခဲ့တဲ့ အ‌တွေ့အကြုံမျိုးရရှိခဲ့ကြဖူးမယ်လို့ ထင်ပါတယ်။ 
သို့ပေမယ့်လည်း အများစုဟာ မိမိအားနည်းချက်ကို ဖုံးဖုံးဖိဖိနဲ့ မမြင်ချင်ယောင်ဆောင် မေ့မေ့ လျော့လျော့ သဘောထားတတ်တဲ့ လူ့သဘာဝနဲ့အတူ ကိုယ့်ရဲ့အားသာချက်ကိုတော့ အလွယ်တကူ မြင်ပြီး လူရှေ့သူရှေ့ထုတ်ပြတတ်ကြတာ သတိထား မိကြပါလိမ့်မယ်။ တခြားသူအားနည်းချက်ကိုတော့ မမြင်မြင်အောင်ရှာဖွေတတ်ကြတာ၊ အားသာချက်ကို မသိကျိုးကျွံပြုလျစ်လျူရှုတတ်ကြတာမျိုး‌ပေါ့၊ ဒါကြောင့် မိမိအားနည်းချက်ကို အားမနာတမ်း အဂတိကင်းကင်းနဲ့ ဖော်ထုတ်ရဲဖို့သာ လိုအပ်‌ကြောင်း တင်ပြလိုပါတယ်။ 

တစ်ခါတစ်ရံ ကိုယ့်‌ရှေ့ရောက်နေတဲ့ အခွင့်အလမ်းကိုပင် မမြင်နိုင်ကြ၊ အသိအမှတ်မပြုနိုင် ကြတာ၊ အနာဂတ်မှာကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှု၊ ကိုယ့်အ‌ပေါ် ခြိမ်းခြောက်နေတဲ့အရာကို မမြင်နိုင် တဲ့အနေအထားမျိုးတွေလည်း ရှိတတ်ကြပါတယ်။ မိမိအားနည်းချက်ကို ရှာဖွေသိမြင်နိုင်စွမ်းရှိခြင်း သည်ပင် အောင်မြင်မှုရဖို့အတွက် အခွင့်အလမ်း တစ်ခုဖြစ်တယ်ဆိုတာ မမေ့ဖို့လိုအပ်ပါတယ်။ 

အားနည်းချက်က အားသာချက်ဖြစ်ပါစေ

ကိုယ့်ရဲ့အားနည်းချက်ကပင် ကိုယ့်ရဲ့အားသာချက် ဖြစ်လာနိုင်တယ်ဆိုတာကို ယုံကြည်ထားဖို့ လည်းလိုပါတယ်။ ဥပမာ- မိမိဖြေဆိုခဲ့ရတဲ့ သာသနာဆိုင်ရာ ဗုဒ္ဓအဘိ ဓမ္မာဆိုင်ရာ စာမေးပွဲတစ်ခုမှာ အချိန်၊ လုံ့လ၊ ဝီရိယ၊ သဒ္ဓါတရား အားနည်းချက် တစ်ခုခုကြောင့် အောင်မြင်ဖို့အခွင့်အလမ်း အနည်း ငယ်ပဲ ရှိခဲ့တယ်ဆိုပါစို့၊ အကောင်းဆုံး မပူဇော်နိုင်ခဲ့လို့ မအောင်မြင်ခဲ့ဘူးဆိုရင် နောက်တစ်နှစ်အပို ဆောင်းပြီး ဒီတရားစာပေတွေကိုပဲ ထပ်မံကျက်မှတ် လေ့လာခွင့်ရတဲ့အတွက် တရားကိုပိုသိ ပိုနားလည်သွားပြီး ပို၍၊ ပို၍ ကုသိုလ်တိုးတယ်လို့ ခံယူဖြစ်ခဲ့ပါတယ်။ 

အဓိကအချက်က တရားစာပေ သင်ကြားလေ့လာခြင်းဟာ ဗုဒ္ဓရဲ့တရားတွေကို သိနားလည်ပြီး ကုသိုလ်တရားတွေ တိုးပွားနေဖို့ပဲမဟုတ်ပါလား၊ အခုတစ်ကြိမ် မအောင်မြင်ခဲ့ခြင်းဟာ တရား‌ကို ပိုလေ့လာသိရှိခွင့်ရတဲ့အတွက် ကုသိုလ်ပိုတိုးပွားစေတဲ့ အားသာချက်တစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ 

ထိုနည်းတူပါပဲ... မိမိမှာ အားနည်းချက်တွေက ဘာလဲ၊ ဘာသာရပ်တစ်ခုခုမှာ ကျွမ်းကျင်မှုမရှိရင် ထိုဘာသာရပ်မှာ သို့မဟုတ် အခြားပိုပြီးသင့်တော်တဲ့ ဘာသာရပ်မှာ ကျွမ်းကျင်မှုရှိလာအောင် သင်တန်း တက်ပြီး မိမိကိုယ်တိုင်ကြိုးစားလေ့လာအားထုတ်ရုံပဲပေါ့။ ဗဟုသုတနည်းနေရင် စာများများဖတ်ဖို့ အခွင့်အလမ်းလိုပါတယ်။ တစ်ချိန်မှာ ကျွမ်းကျင်မှု (skill) နဲ့ သုတ (knowledge) နယ်ပယ်များမှာ တိုးတက်လာတဲ့ အရည်အချင်းတွေကြောင့် ခံယူချက် (attitude) လည်း ပြောင်းလာပါလိမ့်မယ်။ အားနည်းချက်ကို သိလေလေ အားသာချက်တွေ ပွားများလေလေပါပဲ။ ကိုယ့်အကြောင်း၊ ကိုယ့်အဖွဲ့ အကြောင်း သိနေဖို့ပဲလိုတာပါ။ အားနည်းချက်မှန်သမျှ ပြုပြင်နိုင်စွမ်းရှိရင် အားသာချက်တွေကို ဖန်တီးပေးသလိုဖြစ်စေပါတယ်။ မိမိအားနည်းချက်ကို ပြုပြင်တတ်ဖို့နဲ့ အားသာချက်တွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိဖို့သာ အရေးကြီးလှပါတယ်။ 

အခွင့်အလမ်းကို မြင်တတ်ပါစေ 

အခွင့်အလမ်းကို ရှာတတ်မြင်တတ်သူဟာ ကိုယ့်မှာဆုံးရှုံးမှုရှိခဲ့ရင်‌တောင် အဲဒီဆုံးရှုံးမှုကို အခွင့်အလမ်းဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ တစ်ခါတစ်ရံ ကိုယ့်အနားမှာရှိနေတဲ့ ရောက် လာတဲ့အခွင့်အလမ်းကိုတောင် မမြင်နိုင်သူတွေကိုလည်း တွေ့ဖူးပါတယ်။ အားနာတတ်တာလည်းပါ မယ်၊ အတ္တနဲ့ မာန်မာနကြားခံနေလို့လည်း ဖြစ်ကောင်းဖြစ်မယ်။ တစ်ကြိမ်တစ်ခါပဲရတဲ့ အခွင့် အလမ်းဆိုရင် ပိုပြီးအမိအရ ဆုပ်ကိုင်နိုင်စွမ်း ရှိသင့်တာပေါ့။ စီးပွားရေးသမားတွေအတွက် ကျယ်ပြန့် လာတဲ့‌ဈေးကွက်၊ အစိုးရက ဖန်တီးပေးတဲ့ မူဝါဒကောင်းတစ်ရပ်၊ တိုးတက်လာတဲ့နည်းပညာနဲ့ အပြောင်းအလဲပြုလုပ်နိုင်တဲ့ စီမံခန့်ခွဲမှုပုံစံ၊ ဝန်ထမ်းတွေအတွက် ကိုယ့်အထက်အရာရှိဆီက ပြောင်းလဲ လာတဲ့ အပြုသဘောဆက်ဆံရေးအနေအထား၊ ကိုယ့်ဘဝတစ်လျှောက် တိုးတက်မှုလမ်းကြောင်းကို ပြောင်းလဲပေးနိုင်တဲ့ အထက်အရာရှိရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်နဲ့ နည်းပေးလမ်းပြ ဦးဆောင်မှုပေးနိုင်မှု (transformative leadership) ပုံစံနဲ့ ခွင့်လွှတ်သည်းခံနားလည်မှုပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေတဲ့ လုပ်ငန်းခွင်ဝန်းကျင် စတဲ့... ထိုအင်္ဂါရပ်တွေဟာ မိမိတို့ရဲ့ အောင်မြင်မှု အခွင့်အလမ်းတွေပါလားလို့ မြင်လို့ရပါတယ်၊ ဖမ်းယူဆုပ်ကိုင်နိုင်ဖို့သာလိုတာပါ။

လက်ရှိ ကမ္ဘာ့ပဋိပက္ခမျိုးစုံနဲ့ ပြည်တွင်းအကျပ်အတည်းအောက်မှာ အခွင့်အလမ်းအဖြစ် ဘာတွေရနိုင်မလဲ မြင်ကြည့်ရအောင်ပါ။ အနည်းဆုံးတော့ ကောလာဟလ အမျိုးမျိုးအောက်မှာ မိမိရဲ့ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်စွမ်း (critical thinking) နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (analytical thinking) တွေ မသိမသာတိုးတက်မှုရှိလာတာ တွေ့ရပါလိမ့်မယ်။ ဒီအရည်အသွေးများဟာ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံသားပီသမှုအတွက် အထူးအရေးကြီးတဲ့ အရည်အသွေးတွေပါပဲ။ 

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒေသတွင်းပထဝီ နိုင်ငံရေးအားသာချက်ရှိတဲ့ အနေအထားကနေ အားနည်းနေတဲ့ မိမိနိုင်ငံရဲ့ ပထဝီစီးပွားရေးကို အားသာချက်အဖြစ်‌ ပြောင်းလဲနိုင်တာမျိုး၊ ဒီလို အားသာချက်ဖြစ်ဖို့ မိမိရဲ့အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ နိုင်ငံတကာဆက်ဆံရေး ရရှိခြင်းဟာ အခွင့်အလမ်းတစ်ခုဖြစ်နိုင်ပါတယ်။

ကိုဗစ်ကပ်ကာလကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ဘာသာရေးအတွက် အချိန်ကို အကျိုးရှိစွာအသုံးချ ဖြစ်ခဲ့သူ‌တွေရှိပါတယ်။ သူတို့ဟာရလာတဲ့ social distancing အခွင့်အလမ်းကို တိုးတက်လာတဲ့ ဓမ္မအသိ အားသာချက်နဲ့အတူ အကုသိုလ်ကနေ ကုသိုလ်၊ တချို့ဆိုရင် မိရိုးဖလာကနေ ဗုဒ္ဓဘာသာဝင် စစ်စစ်တွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိခဲ့ကြတယ်။ တစ်ခါတစ်ရံ မိမိရဲ့အားသာချက်တချို့ဟာ အခွင့်အလမ်းကောင်းတွေ ဖြစ်နေတတ်သလို မိမိအားနည်းချက်တချို့ကပင် မိမိရဲ့အလုပ်နဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အတားအဆီး တွေဖြစ်နေတတ်တာ၊ ခြိမ်းခြောက်မှု အနာဂတ် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တာကို သတိပြုမိဖို့လည်းလိုပါတယ်။ 

ပြင်ပကခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်‌ပါစေ 

စိန်ခေါ်မှုကို စဉ်းစားခြင်းဟာ အနာဂတ်မှာ ကိုယ့်ရဲ့ရည်မှန်းချက်ကို ခြိမ်းခြောက်လာနိုင်တဲ့ အနေအထားတွေကို ကြိုတင်မြော်တွေးတွက်ဆ ထားခြင်းပါပဲ။ ကြိုတင်မျှော်မှန်းလို့မရတဲ့ သဘာဝ ဘေးအန္တရာယ်၊ ကိုဗစ်ကဲ့သို့သော ရောဂါကပ်၊ ပြိုင်ဘက်ရဲ့ တိုးတက်လာမယ့် အားသာချက်တွေ စသဖြင့် မျှော်လင့်ထားရမှာဖြစ်ပါတယ်။ 

ဌာနမှာပြုလုပ်တဲ့သင်တန်းမှာ ဝန်ထမ်းတချို့ဟာ မိမိဌာနက‌နေ တခြားဌာနသို့ တစ်ချိန်ချိန်မှာ ပြောင်းရွှေ့ထွက်ခွာနိုင်ခြေရှိခြင်းနဲ့ နုတ်ထွက်လို့ ပြုန်းတီးနိုင်တဲ့ အခြေအနေတွေကို လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ စိန်ခေါ်မှုအဖြစ် ဖော်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကိုယ့်မှာရှိနေနိုင်တဲ့ အားနည်းချက်များကို ပြုပြင်ပြီး အားသာချက်တွေကိုတော့ ထိန်းထား၊ အခွင့်အလမ်းဟူသမျှ မလွတ် တမ်း အသုံးချနိုင်အောင် အကောင်းဆုံးပြင်ဆင် ထားနိုင်မယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ မည်သည့် စိန်ခေါ်ချက်မျိုးမဆို ဖြေရှင်းကျော်လွှားနိုင်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အရာရာကို အဆိုးမြင်နေခြင်း သဘောလည်း မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ပြဿနာကိုဖြေရှင်းလိုရင် မူဝါဒတစ်ခုခုကို တရားသေ မဆုပ်ကိုင်၊ ကိုယ့်ရဲ့စိတ်ကို fix မလုပ်ထားဘဲ မူဘောင်အတွင်းမှာ ပြောင်းလဲသင့်တာပြောင်းလဲဖို့ လိုကောင်းလိုလိမ့်မယ်လို့လည်း သုံးသပ်မိပါတယ်။ 

တစ်ခုနဲ့တစ်ခု ကြောင်းကျိုးဆက်စပ်နေတဲ့ SWAT သဘောတရားများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီဆိုရင် ဘယ်လိုစိန်ခေါ်မှုတွေလာမလဲ၊ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ development mindset နဲ့ စိန်ခေါ်မှုမှန်သမျှ လက်ခံဖြေရှင်းနိုင်စွမ်းရှိလာပါတယ်။ အပြောင်းအလဲ လုပ်ဖို့လိုအပ်လာရင်လည်း ထိုအပြောင်းအလဲတစ်ရပ်အတွက် ဘယ်လိုစီမံခန့်ခွဲပြီး ဘယ်လိုနည်းလမ်းကျင့်သုံးမလဲ (change management)၊ ပုံသေကားကျ သမားရိုးကျ နည်းပဲသွားမလား၊ နည်းလမ်းသစ် (alternative way) ကို ကြိုးစားသုံးကြည့်မလား... အပြောင်းအလဲလုပ်ဖို့ ဝန်မလေးတတ်တဲ့ အနေအထားတစ်ခုဆီ ရောက်လာတယ်ဆိုရင်ပဲ... ကိုယ့်အတွက်အားသာ ချက်တွေ ပေါ်ထွက်လာတာလို့ ဆိုရမှာဖြစ်ပြီး မှန်ကန်ပြီးတန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေချဖို့လည်း ခက်ခဲတော့မှာ မဟုတ်ကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။ ။