၁၄ ဖေဖော်ဝါရီ

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူမှုအဖွဲ့အစည်းအတွင်းမှ ဆင်းရဲသူတို့၏ ဘဝများသည် ဆင်းရဲမှု၊ ပညာမဲ့မှု၊ လူနေမှု အဆင့်အတန်း နိမ့်ကျမှု၊ ကျန်းမာရေး အဆင့်အတန်း နိမ့်ကျမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု စသည့်ဆင်းရဲတွင်းသံသရာထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေကြရသည်ဟု အမှတ်အသားရှိ၏။

ဆင်းရဲခြင်းကြောင့် ပညာသင်ကြားရန် အခွင့်အရေးနည်းပါးမှုဖြစ်၊ ပညာမဲ့မှုက လူနေမှုအဆင့်အတန်း နိမ့်ကျခြင်းကို ဦးဆောင်၊ လူနေမှုအဆင့်အတန်း နိမ့်ကျသည့်အခါ ကျန်းမာရေး အဆင့်နိမ့်ကျမှုက ထက်ကြပ်မကွာ လိုက်ပါလာသည်။ တစ်ဖန် ပညာမဲ့ခြင်းကြောင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမှအစ ဘဝဆိုင်ရာအမြင် လူ့အဖွဲ့ အစည်းအပေါ်ထားသည့် သဘောထားအထိ လိုအပ်ချက်များ ရှိလာပြန်သည်။ ယောနိသောမန သိကာယဟူသည့် သင့်တင့်လျောက်ပတ်သော သဘောထား မထားတတ် သည့်အခါ ဘာကိုမဆို အလိုမကျ ဖြစ်လာသည်။ သည်အခါ စိတ်အလိုမကျမှုက စိတ်မပျော်ရွှင်မှုနှင့်အတူ လူ့ဘဝ အသက်ရှင်သန်ရခြင်းကို အဓိပ္ပာယ်မဲ့မှုများဖြင့် ရှုမြင်လာတတ်သည်။ ရုန်းကန်ခြင်း၊ ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အားထုတ်ခြင်းတို့အတွက် အင်အားမရှိ။ သည်လိုနှင့် ဒုံရင်း။

ထို့ကြောင့်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆင်းရဲသူတို့၏ ဘဝသည် လွတ်ကျွတ်ဖို့ ခက်ခဲသည်ထက် ခက်ခဲလာရသည်။ သည်အခြေအနေက လွတ်မြောက်ဖို့လမ်းစရှာရာတွင် လူမှုအဖွဲ့အစည်းအတွင်း၌ ပညာရေးစနစ်ကိုမည်သို့ မြှင့်တင်ကြမည် နည်းဆိုသည်က အဓိကနေရာသို့ ရောက်နေသည်ကို တွေ့ရ၏။ ပြည်သူ့ဘဝများကို မြှင့်တင်ပေးနိုင်မည့် ပညာရေးစနစ်ကို မထူထောင်နိုင်သရွေ့ ထိရောက်အောင်မြင်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မပေါ်ပေါက်နိုင် ဟူ၏။

ကျန်းမာရေး ချမ်းသာရေးဟူသည် ပညာရေးတွင် အခြေခံ၏ ဟူသည့်သဘောတရားက က္ဘာတစ်ဝန်းကို လွှမ်းခြုံလာနေခဲ့ပြီ ဖြစ်သည်။ ထို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ပညာရေးစနစ်ကို ဘယ်ကစတင် ပြောင်းလဲကြမည်နည်းဆိုသည့် အဖြေကို ရှာကြရာတွင် ယေဘုယျအားဖြင့် မူလတန်းပညာရေးစနစ်က စကြရမည်ဟူ၏။

မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးဆဲနိုင်ငံအဖြစ်က မတက်နိုင်သေး။ ပြည်သူအများစုက ဆင်းရဲနွမ်းပါးမှုနွံတွင်းက မထွက်နိုင်သေး။ မြန်မာနိုင်ငံ၏ပညာရေးစနစ်က ပြောင်းလဲဖို့ကြိုးစားနေဆဲ အဆင့်မှာသာ ရှိနေသေးသည့် အနေအထား။

မြန်မာ့ပညာရေးစနစ်က နှစ်ပေါင်းများစွာ ယိုယွင်းလာခဲ့သော ပညာရေးစနစ်ဖြစ်သည့်အတွက် အမြစ်ကလှန်ရမည်ကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် အရေးပါသည့် အချက်တစ်ချက်က အမျိုးသမီးငယ်တို့၏ ပညာရေးဆိုင်ရာဖြစ်၏။ အထူးသဖြင့် အမျိုးသမီးငယ်တို့၏ ပညာရေးဆိုင်ရာ ကဏ္ဍတွင် ကျကျနန ရင်းနှီးမြှုပ်နှံကြရန်လိုမည်ဟု ပညာရေးသုတေသီတို့၏ အကြံပေး ချက်များတွင် တွေ့ရသည်။

မိသားစုများအတွင်း အစားအသောက် အနေအထိုင်၊ ပညာသင်ကြားရေး၊ ကျန်းမာရေး အစစတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍက ရှေ့တန်းရောက်ပါသည်။ အမျိုးသမီးတို့တွင် အခြေခံပညာရေးအသိရှိလျှင် အစားအသောက်ဆိုင်ရာ အသိပညာကအစ မျိုးဆက်သစ် ကလေးငယ်များအတွက် ပညာရေး အရေးပါပုံ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ အစစအတွက် ခြုံငုံသုံးသပ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း ရှိလာမည်ဖြစ်၏။

ထို့အတူ မြို့ဆင်ခြေဖုံးဒေသများ၊ ကျေးလက်တောရွာများ၊ နယ်စပ်ဒေသများရှိ ကလေးငယ်များအတွက် မသင်မနေရ ပညာရေးစနစ်က လွန်စွာအရေးကြီးပါသည်။ အထူးသဖြင့် ဝေးလံသီခေါင်သော တိုင်းရင်းသားဒေသများအတွက် အထူးဦးစားပေး စဉ်းစားစရာများ ရှိပါသည်။

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများအကြား တန်းတူညီမျှမှုဟူသည် စီးပွားရေး၊ ငွေရေးကြေးရေး၊ သယံဇာတသုံးစွဲရေး တို့သာမက လူမှုရေး၊ ကျန်းမာရေးအဆင့်အတန်း စသည်တို့နှင့်အတူ အခြေခံ ပညာရေးစနစ်တွင်ပါ မျှတသည့် စဉ်းစားဆင်ခြင်မှု၊ ပြင်ဆင်စီမံမှုတို့က အရေးပါပါသည်။ ဒေသအသီးသီးတို့၏ ပထဝီအနေအထား ဘာသာစကား အခက်အခဲ စသည့်အထွေထွေ စိန်ခေါ်မှုများကို ဘက်စုံစဉ်းစားဖြေရှင်းရန် လိုအပ်မည် ဖြစ်ပါသည်။

နိုင်ငံဖွံ့ဖြိုးရေးကို အားထုတ်ကြိုးပမ်းကြချိန်တွင် နိုင်ငံနှင့်အဝန်း မျှတတူညီ တိုးတက်နိုင်သည့် ပညာရေးစနစ်ကို အခြေကျအောင် တည်ဆောက်ကြဖို့ လိုမည်ဟု ယုံကြည်ပါကြောင်း။  ။