သိပ္ပံစာရေးဆရာကိုကိုအောင်
ကမ္ဘာ့ဒေသအနှံ့အပြားရှိ စားသောက်ဆိုင်များ၊ စူပါမားကက်များ၊ ဟိုတယ်များ၊ စတိုးဆိုင်များနှင့် ဈေးဆိုင်များတွင် အရွယ်အစား မျိုးစုံ၊ ပုံစံမျိုးစုံ၊ အရသာမျိုးစုံ၊ ထုပ်ပိုးမှုမျိုးစုံဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းချနေသော စားသောက်ကုန်တစ်မျိုးကို ပြပါဆိုလျှင် ကိုကိုးစေ့ကို အခြေခံ၍ ဖန်တီးပြုလုပ်ထားသော ချောကလက်မုန့်မျိုးစုံကို ညွှန်းဆိုရပေလိမ့်မည်။
တစ်ချိန်က မင်းစိုးရာဇာ အနွယ်ဝင်များနှင့် ကြေးရတတ် လူကုံထံတို့သာ စားသုံးနိုင်ခဲ့ကြသော၊ တစ်နည်းဆိုသော် တန်ဖိုးထား၍ စားသုံး ခဲ့ကြသော ချောကလက်သည် ယနေ့အချိန်တွင် လူတန်းစားမရွေး လက်တစ်ကမ်း၌ လွယ်လင့်တကူ ဝယ်ယူ စားသုံးနိုင်သော အစားအစာတစ်မျိုးအဖြစ်သို့ ပြောင်းလဲရောက်ရှိလာခဲ့ပြီဖြစ်သည်။ ချောကလက်သည် စွဲမက်နှစ်ခြိုက်ဖွယ် အရသာနှင့် ပြည့်စုံလှသည့်အတွက် လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ သဘောတွေ့ လက်ခံကြသော အစားအစာ တစ်မျိုးလည်း ဖြစ်သည်။
နတ်သုဒ္ဓါ
ချောကလက်သည် ကိုကိုးပင်မှ ထွက်ရှိသော ကိုကိုးစေ့များမှ ရယူထုတ်လုပ်သော အစားအစာတစ်မျိုး ဖြစ်သည်။ နတ်သုဒ္ဓါဟု အဓိပ္ပါယ်ရသည့် Theobroma Cacao သည် ကိုကိုးပင်၏ သိပ္ပံအခေါ်အဝေါ်ဖြစ်သည်။ ကိုကိုးပင်မှ ထုတ်လုပ်ရရှိသော ချောကလက်ကို လွန်ခဲ့သော ထောင်စုနှစ်များကပင် နှစ်ခြိုက်စွာ တန်ဖိုးထားစားသုံးခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော်က ရှေးခေတ်လူတို့သည် ကိုကိုးသီးဖြင့် ရောစပ်ပြုလုပ်ထားသော အရက်တစ်မျိုးကို နှစ်ခြိုက်စွာ သောက်သုံးခဲ့ ကြကြောင်း သိပ္ပံသုတေသီတို့က လေ့လာတွေ့ရှိခဲ့ကြသည်။
သုတေသီတို့သည် သက်တမ်း နှစ်ပေါင်း သုံးထောင်ကျော် ရှိခဲ့ပြီဖြစ်သော ရှေးခေတ်မြေအိုးများကို သုတေသန ပြုလုပ်ခဲ့ကြသည်။ ယင်းမြေအိုးများ၏ နံရံတွင် ကပ်ငြိနေသော ဓာတုပစ္စည်းတစ်မျိုးကို ဓာတ်ခွဲကြည့်သည့်အခါ ကိုကိုးသီးနှင့်ရောစပ်၍ ချက်လုပ်ထားသော အရက် တစ်မျိုး၏ ဓာတုဓာတ်ကြွင်းဖြစ်ကြောင်း ဖော် ထုတ်တွေ့ရှိခဲ့ကြသည်။ ဤသည်မှာကား လွန်ခဲ့ သော နှစ်ထောင်ချီကာလကပင် ကိုကိုးသီး၏ ခါးသက်သောအရသာကို အရက်ချက်လုပ်ရာ၌ ထည့်သွင်းအသုံးပြုခဲ့ကြခြင်း၏ ခိုင်မာသော အထောက်အထားများပင် ဖြစ်သည်။
ချောကလက်နှင့် မာယန်လူမျိုးများ
ကမ္ဘာ့လူသားတို့၏ ယဉ်ကျေးမှုတစ်ခေတ်ကို မှတ်ကျောက်အဖြစ် တင်နိုင်ခဲ့ကြသည့် မာယန်လူမျိုးတို့၏ ယဉ်ကျေးမှုသည် လွန်ခဲ့သော နှစ် ၂၀ဝ၀ ကျော်က ထွန်းကားခဲ့သည်။ ၂၀၁၂ ခုနှစ် အထိကိုသာ ရေးဆွဲအဆုံးသတ်ခဲ့သော မာယန်လူမျိုးတို့၏ ပြက္ခဒိန်ကြောင့် ၂၀၁၂ နှစ်ကုန်တွင် ကမ္ဘာကြီးပျက်သုဉ်းမည်ဟူသော ကောလာဟလသည်လည်း တောမီးပမာ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ သွားခဲ့သည်အထိ ကမ္ဘာ့လူသားတို့အပေါ်တွင် မာယန်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် မာယန်လူမျိုးတို့၏ ပြက္ခဒိန်က လွှမ်းမိုးခဲ့သည်။
ထိုမျှ ယဉ်ကျေးမှုတစ်ခေတ်ကို ထူထောင်နိုင်ခဲ့ကြသော မာယန်လူမျိုးတို့၏ အနုပညာလက်ရာများတွင် ကိုကိုးပင်များ၏ပုံကို အထင်အရှား တွေ့မြင်နိုင်သည်။ ဗဟိုအမေရိကဒေသတွင် အခြေချ နေထိုင်ခဲ့ကြသော မာယန်လူမျိုးများ သည် ကိုကိုးပင်များကို စီးပွားဖြစ် စိုက်ပျိုးခဲ့ကြ ရုံမျှမက ၎င်းတို့၏ နေအိမ်ပတ်ဝန်းကျင်များ၌လည်း အမြတ်တနိုး စိုက်ပျိုးခဲ့ကြကြောင်းကို လေ့လာ တွေ့ရှိရသည်။
သုတေသနပြု တွေ့ရှိချက်တို့က မာယန်လူမျိုးတို့၏ ယဉ်ကျေးမှုခေတ် တစ်လျှောက်လုံးတွင် ကိုကိုးပင်များ၏အခန်းကဏ္ဍက မည်မျှ အရေးပါ ခဲ့ကြောင်း ဖော်ပြလျက်ရှိနေသည်။ မာယန်လူမျိုးတို့သည် ကိုကိုးပင်မှရရှိသော ကိုကိုးစေ့များကို အနှစ်ကျသည်အထိ ကျိုချက်ပြီး ချောကလက်အရည်အဖြစ် ဖန်တီးပြုလုပ်ခဲ့ကြသည်။ ကိုကိုးစေ့အနှစ်များကို ဟင်းခတ် အမွှေးအကြိုင်တို့နှင့် ရောစပ်ပြီး အနံ့နှင့် အရသာတို့ကို စိတ်ကြိုက်ဖန်တီးခဲ့ကြသည်။
ထိုစဉ်ကာလက မင်းစိုးရာဇာနွယ်ဝင် မာယန် လူမျိုးတို့သည် အခမ်းအနားများတွင် အထူး စားသောက်ဖွယ်တစ်ခုအဖြစ် ချောကလက်ရည် ကို တန်ဖိုးထား သောက်သုံးခဲ့ကြသည်။ ထို့အတူ လက်ထပ်မင်္ဂလာပွဲများ၌လည်း သတို့သားနှင့် သတို့သမီးတို့က အစဉ်အလာတစ်ရပ်အဖြစ် ချောကလက်ရည်ကို သောက်သုံးခဲ့ကြသည်။ ချောကလက်ရည် သောက်သုံးမှုသည် မင်္ဂလာ မောင်နှံ သတို့သားနှင့် သတို့သမီးတို့၏ ဘဝ တစ်သက်တာပေါင်းစည်းမှု သင်္ကေတအဖြစ် မာယန်ယဉ်ကျေးမှုခေတ်၏ ဓလေ့ထုံးထမ်းတစ်ခု ဖြစ်ခဲ့သည်။
မက္ကဆီကိုဒေသမှ ချောကလက်
ပေ၊ ပုရပိုက် မှတ်တမ်းများနှင့် အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သည့် တစ်ဆင့်စကားများအရ မက္ကဆီကိုဒေသ၌လည်း ချောကလက်ရည်ကို တန်ဖိုးထား သောက်သုံးခဲ့ကြကြောင်း သိရှိရသည်။ ချောကလက်၏ ကုန်ကြမ်းပစ္စည်းဖြစ်သော ကိုကိုးပင်များသည် ထိုစဉ်ကာလများက မက္ကဆီကိုဒေသ၌ သဘာဝအလျောက် ပေါက်ရောက်ခဲ့ခြင်းလည်းမရှိ၊ စိုက်ပျိုးမည့်သူ လည်းမရှိ ဖြစ်ခဲ့ရသည်။ သို့ရာတွင် ဒေသထွက်ပစ္စည်းများကို ကုန်သွယ်မှုပြုကြရာ၌ ကိုကိုးစေ့များကို ငွေကြေးသဖွယ် တန်ဖိုးထားပြီး ကုန်သွယ်ခွန် အဖြစ် ပေးဆောင်စေခဲ့သည်။
အခွန်အဖြစ် ကောက်ခံရယူခဲ့သော ကိုကိုးစေ့များကို စမ်းသပ်စိုက်ပျိုးရာမှ ကိုကိုးပင်များသည် မက္ကဆီကိုမြေပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်လာခဲ့သည်။ ကိုကိုးပင်များမှ ရရှိသော ကိုကိုးစေ့များကို ဒေသခံ မက္ကဆီကို လူမျိုးတို့က ကျိုချက်သောက်သုံးခဲ့ကြခြင်းဖြင့် ချောကလက် သောက်သုံးမှုဓလေ့သည် မက္ကဆီကိုဒေသတွင် ခေတ်စားလာခဲ့သည်။ ထိုခေတ်ကာလများက မက္ကဆီကို ဘုရင်များနှင့် မိဖုရားများ၊ မင်းမျိုး မင်းနွယ်များသည် ချောကလက်ရည်ကို နေ့စဉ် သောက်သုံးခဲ့ကြသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် မက္ကဆီကိုဒေသနှင့် မက္ကဆီကို လူမျိုးတို့၏ ဓလေ့ထုံးထမ်းများ ထဲတွင်လည်း ချောကလက်စားသုံးသည့် အလေ့အထသည် မည်မျှခမ်းနားထည်ဝါခဲ့ကြောင်း သိရှိနိုင်သည်။
နယ်မြေသစ် စွန့်စားရှာဖွေသူ ခရစ္စတိုဖာ ကိုလံဘတ်စ်(Christopher Columbus)က ၁၅၀၂ ခုနှစ်တွင် ဗဟိုအမေရိကတိုက်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဗဟိုအမေရိကသို့ ကိုလံဘတ်စ် ရောက်ရှိချိန်တွင် ဗဟိုအမေရိကတိုက်တစ်ခွင်၌ စနစ်တကျစိုက်ပျိုးထားသော ကိုကိုးပင်များ သည် ဒေသတစ်ခွင်တစ်ပြင်လုံး၌ ကျယ်ကျယ် ပြန့်ပြန့် ပေါက်ရောက်လျက်ရှိသည်။ ကိုကိုးပင် များမှထွက်သော ကိုကိုးစေ့များ၏ အဖိုးထိုက်တန် မှုကို ကောင်းစွာသိရှိလိုက်သော ကိုလံဘတ်စ် သည် ကိုကိုးစေ့ အမြောက်အမြားကို စပိန်နိုင်ငံ သို့အပြန်တွင် တစ်ပါတည်း ယူဆောင်သွားခဲ့ သည်။
ကိုလံဘတ်စ်ကဲ့သို့ပင် စပိန်လူမျိုး နယ်မြေသစ် ရှာသူ ဟာနန်ဒိုကော့စ်(Hernando Cortes) သည်လည်း ၁၅၁၉ ခုနှစ်တွင် မက္ကဆီကိုသို့ ရောက်ရှိ ခဲ့သည်။ ချောကလက်ရည်သောက်သုံးမှု ဓလေ့ သည် မက္ကဆီကို၌ အလွန်ခေတ်စားနေသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့သော ဟာနန်ဒို ကော့စ်သည် စပိန်နိုင်ငံသို့အပြန်တွင် ကိုကိုးစေ့ များကိုသာမက အဆင်သင့်သောက်သုံးနိုင်သော ချောကလက်ရည်များကိုပါ ယူဆောင်သွားခဲ့ သည်။
စပိန်မှ ဥရောပသို့
နယ်မြေစွန့်စားရှာဖွေသူ ကိုလံဘတ်စ်နှင့် ဟာနန်ဒိုကော့စ်တို့၏ စွမ်းဆောင်မှုကြောင့် စပိန် နိုင်ငံတွင် ကိုကိုးပင်များ စိုက်ပျိုးခြင်း၊ ကိုကိုး ထွက်ကုန်များ ရောင်းဝယ်ခြင်း၊ ချောကလက်ချက်လုပ်ခြင်းနှင့် ချောကလက်ရည်သောက်သုံး ခြင်းစသော ချောကလက် ယဉ်ကျေးမှု ထွန်းကားပြန့်ပွားသည့်ခေတ်တစ်ခေတ် ဖြစ်လာခဲ့သည်။ မက္ကဆီကိုနိုင်ငံ၏ ပထဝီသွင်ပြင် အနေအထား၊ ရေမြေတောတောင် သဘာဝနှင့် ကိုကိုးပင်များ စိုက်ပျိုးခြင်းလုပ်ငန်း၊ ချောကလက် ထုတ်လုပ်သည့်လုပ်ငန်း စသည်တို့ကို မျက်စိကျသွားခဲ့သော စပိန်တို့သည် နောက်ပိုင်းတွင် မက္ကဆီကို နိုင်ငံကို သိမ်းပိုက်ခဲ့သည်။
စပိန်၏ ကိုလိုနီဘဝသို့ ရောက်ရှိသွားခဲ့သော မက္ကဆီကိုနိုင်ငံသည် ကိုကိုးထွက်ကုန်ဖြန့်ဖြူးမှု လုပ်ငန်းတစ်ရပ်လုံးကိုပါ သိမ်းယူခြင်းခံခဲ့ရကာ မက္ကဆီကိုနိုင်ငံမှထွက်ရှိသော ကိုကိုးထွက်ကုန် အများစုကို စပိန်နိုင်ငံသို့ တင်ပို့ပေးခဲ့ရသည်။ မက္ကဆီကိုမှ တင်ပို့ပေးသော ကိုကိုးထွက်ကုန်ပစ္စည်းများကြောင့် စပိန်နိုင်ငံတွင် ကြီးမားသော ချောကလက်ဈေးကွက်ကြီး ဖြစ်ပေါ်လာခဲ့သည်။
စပိန်နိုင်ငံတစ်ဝန်းရှိ လူကုံထံ သူဋ္ဌေးများကြားသို့ ချောကလက်ရည်သောက်သုံးမှုဓလေ့သည် ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်ရောက် ရှိခဲ့ကာ ထိုမှတစ်ဆင့် စပိန်နိုင်ငံသို့ လာရောက်ကြသော ကမ္ဘာလှည့်ခရီးသည်များ၊ စပိန်နိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက် လည်ပတ်သော ခရီးသွား လူကုံထံများမှတစ်ဆင့် ချောကလက်ရည် သောက်သုံးမှု ဓလေ့သည် ဥရောပတစ်ခွင်သို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
အင်္ဂလိပ်၊ ပြင်သစ်နှင့် ဒတ်ချ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း စပိန်လူမျိုးများ ကဲ့သို့ပင် ၎င်းတို့၏ ကိုလိုနီနယ် မြေများ၌ ကိုကိုးပင်များကို အကြီးအကျယ် စိုက်ပျိုးခဲ့ကြသည်။ ကိုကိုးထွက်ကုန်များနှင့် ကိုကိုးစေ့များကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။ ချောကလက်ထုတ်လုပ်မှု နည်းပညာကိုလည်း အဆင့်မြှင့်တင်ခဲ့ကြသည်။
ချောကလက်ထုတ်လုပ်မှု နည်းပညာ
ထို့ကြောင့်ပင် ၁၈ ရာစုကုန်ဆုံးသည့် အချိန်ကာလအထိ ကြေးရတတ် လူတန်းစားတို့သာ သောက်သုံးနိုင်ခဲ့ကြသော ချောကလက်ရည်ကို ၁၉ ရာစုအရောက်တွင် ပြောင်းလဲတိုးတက်လာသော နည်းပညာသစ်များ အသုံးချကာ ကုန်ကျစရိတ် သက်သာစွာဖြင့် ထုတ်လုပ်လာနိုင်ခဲ့သည်။ ဤသို့ဖြင့် ၁၉ ရာစုကာလတွင် လူလတ်တန်းစားတို့ပါ ချောကလက်ရည်ကို သောက်သုံးလာနိုင်ခဲ့ကြသည်။
ယနေ့ကာလတွင် အလယ်ပိုင်း အမေရိက ဒေသ၊ တောင်အမေရိကဒေသနှင့် အာဖရိက ဒေသများ၌ ကိုကိုးပင်များကို အမြောက်အမြား စိုက်ပျိုးလျက်ရှိနေကြသည်။ အီကွေတာနှင့် နီးကပ်သော မိုးသစ်တောများသည် ကိုကိုးပင်များ ပေါက်ရောက်ဖြစ်ထွန်းနိုင်သည့် နယ်မြေများ ဖြစ်ကြသည်။ သို့ရာတွင် မြေဆီဩဇာ၊ ရေ၊ အပူဓာတ်နှင့် အရိပ်အာဝါသ အကာအကွယ်တို့ ကောင်းမွန်ပြည့်စုံစွာ ရရှိမှသာလျှင် ငါးနှစ်သားအရွယ်၌ အသီးစတင်သီးနိုင်သော ကိုကိုးပင်၏ သဘာဝကြောင့် ကိုကိုးစေ့ထုတ်နိုင်သည့် အဆင့်အထိ ဖြစ်ထွန်းလာရန်မှာမူ ထင်သလောက် မလွယ်ကူလှပေ။
ကိုကိုးပင်မျိုး စိတ်များစွာရှိသည့်အနက် ကမ္ဘာတစ်ဝန်းလုံး၌ စားသုံးနေသည့် ချောကလက်အများစုကို Forastero ကိုကိုး မျိုးစိတ်မှ ထုတ်လုပ်ကြသည်။ Criollo နှင့် Trinitario ကိုကိုး မျိုးစိတ်များသည် ဒုတိယအများဆုံး စိုက်ပျိုး ထုတ်လုပ်ကြသော ကိုကိုးပင် အမျိုးအစားများ ဖြစ်ကြသည်။ ကိုကိုးပင်များ၏ သဘာဝအရ သီးသန့်စိုက်ပျိုးသော အပင်များသည် သဘာဝ အလျောက်ပေါက်ရောက်သော ကိုကိုးပင်များထက် ရောဂါဘယထူပြောသည့်အတွက် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အလွန်ပင်ပန်းကြ သည်။
ကိုကိုး ဈေးကွက်
ထို့အပြင် ကိုကိုးထွက်ကုန်များ၏ ထူးခြား ချက်တစ်ရပ်မှာ Commodity Future ဟု ခေါ်တွင်သည့် ဈေးကွက်သို့ ကြိုတင်ရောင်းချ ထားရခြင်းပင် ဖြစ်သည်။ ပဲပိစပ်၊ အုန်းသီးဆံ ခြောက်တို့ကဲ့သို့ပင် ပစ္စည်းမထွက်မီ ကြိုတင် အရောင်းအဝယ်ပြုလုပ်ရသည့် ကုန်ပစ္စည်းမျိုး ဖြစ်သဖြင့်ကိုကိုး စိုက်ပျိုးလုပ်ကိုင်သူတို့၏ စီးပွားရေးအခြေအနေကို အမှန်တကယ် ရောင်းဝယ်ဖောက်ကား နေသည့် ဈေးကွက်အခြေအနေက ထင်ဟပ်နိုင်ခြင်းမရှိပေ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိပ်တန်းဦးစားပေးအဖြစ် ရှေ့တန်းတင်လာကြသည့် ၂၁ ရာစုခေတ်တွင် ကိုကိုးစိုက်ပျိုး သည့် လုပ်ငန်းရှင်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ သိပ္ပံသုတေသီများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် လက်တွဲ၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် စိုက်ပျိုးနည်းသစ်များဖြင့် ပြောင်းလဲဆောင်ရွက် နေကြပြီဖြစ်သည်။
ကိုကိုးပင်များမှ ရရှိသော ကိုကိုးစေ့များကို ရွေးချယ်သန့်စင်ခြင်း၊ အစေ့ခွံကိုခွာပြီးNibs ဟု ခေါ်သည့် အတွင်းသားများကို ချောကလက် အနှစ်ရည်ဖြစ်သည်အထိ ချက်လုပ်ခြင်း၊ ထိုသို့ ချက်လုပ်ရာမှ ကိုကိုးအခဲနှင့် ကိုကိုးအဆီတို့ကို ခွဲထုတ်ခြင်း စသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်သည် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းပမာဏ ကြီးမားသည့် အပြင် စနစ်တကျရှိရန်လည်း အထူးလိုအပ် သည်။ ချောကလက်အနှစ်ရည်ထဲသို့ သကြား၊ နို့နှင့် ကိုကိုးအဆီတို့၏ ရောစပ်မှု ဖော်မြူလာ အပေါ် မူတည်ပြီး အနံ့နှင့် အရသာများ ကွဲပြား ခြားနားသော ချောကလက်စားသောက်ဖွယ် မျိုးစုံတို့ကို ချောကလက် လုပ်ငန်းရှင်များက ထုတ်လုပ်ပေးလျက် ရှိကြသည်။
ချောကလက်ရည်ကို နေ့စဉ် ခွက်ငါးဆယ်မျှ သောက်ခဲ့သော မက္ကဆီကိုဘုရင် မွန်တေဇူးမား ကို အစွဲပြု၍ အမည်ပေးခဲ့ကြသော မွန်တေဇူးမား ချောကလက်၏ ထူးခြားချက်မှာ ဗီယက်နမ် နိုင်ငံမှထွက်ရှိသော သစ်ကြံပိုးခေါက်ကိုထည့်၍ ပြုလုပ်ထားသည့်အတွက် စူးရှသည့်အပူဓာတ် ကို ခံစားရသည်ဟု ချောကလက်ချစ်သူများက မှတ်ချက်ပေးကြသည်။
ချစ်သက်လက်ဆောင်
စွဲမက်ဖွယ် အစားအသောက်တစ်မျိုးအနေဖြင့် နှစ်ခြိုက်စွာ စားသုံးရန်သာမက အမှတ်တရ လက်ဆောင်အဖြစ်၊ မွေးနေ့ လက်ဆောင်အဖြစ်နှင့် ချစ်သက်လက်ဆောင်အဖြစ်ပါ ဝယ်ယူလေ့ရှိကြသည့် ချောကလက်မုန့်မျိုးစုံတို့၏ ကုန်ကြမ်းဖြစ်သော ကိုကိုးသီးနှံများ၏ ကမ္ဘာ့ကုန်သွယ်မှု တန်ဖိုးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ငါး ဘီလီယံကျော်အထိပင် ရှိနေသည်။
ကမ္ဘာ့ဒေသအနှံ့အပြားမှ ထွက်ရှိသော ဈေးအလွန်ကြီးသည့် ချောကလက်များကို ရောင်းချသည့်ဆိုင်များသည် လူအများ စားသုံးနိုင်သော ချောကလက်အရောင်းဆိုင်များကဲ့သို့ အခြား စားသောက်ဖွယ်ရာများနှင့် ချောကလက်မုန့်များကို ရောနှော ရောင်းချလေ့မရှိဘဲ ချောကလက် တစ်မျိုးတည်းကိုသာ သီးသီးသန့်သန့် ရောင်းချလေ့ရှိကြပြီး ထိုဆိုင်များသည် ချောကလက် ချစ်သူတို့အကြားတွင် အလွန်ရေပန်းစားလျက် ချောကလက်ယဉ်ကျေးမှုကို လက်ဆင့်ကမ်းရာ မဟာဗျူဟာမြောက်သည့် ချောကလက်စင်တာများအဖြစ် ရပ်တည်လျက်ရှိနေပေသည်။ ။


