စစ်ကိုင်း ၁၄ ဖေဖော်ဝါရီ
စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်ရှိ ဇိနမာရ်အောင်လောကချမ်းသာ(ကြေးဘုရားကြီး)၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာအစဉ်အလာမပျက် ထည့်သွင်းကျင်းပလာသည့် ဘဲဥထုပွဲကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မင်းကျောင်းဘုန်းကြီး ကျောင်းတိုက်မှ သိရသည်။
အဆိုပါ ဇိနမာရ်အောင် လောကချမ်းသာ(ကြေးဘုရားကြီး) ဗုဒ္ဓပူဇနိယပွဲတော်ကို မင်းကျောင်းဘုန်းကြီးကျောင်းတိုက်က ဦးစီး၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ် ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက် (တပို့တွဲလဆန်း ၁၄ ရက်မှ လပြည့် ကျော် ၁ ရက်)အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် သံဃာတော်များအား ဆွမ်းဆန်တော်နှင့်အတူ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
လောကချမ်းသာ(ကြေးဘုရားကြီး)၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာအစဉ်အလာမပျက် ဘဲဥထုပွဲကိုလည်း ထည့်သွင်းကျင်းပလေ့ရှိရာ ဘဲဥထုပွဲအကြောင်းကို ဒေသခံတစ်ဦးက “ရှေးမြန်မာဘုရင်တွေလက်ထက်က အစေခံခံတပ်က ကင်းသမားတွေ၊ လှေတော် သားတွေ ညဘက် အပျော်ဆော့ကြရင်း ဖြစ်လာတဲ့ပွဲပါ၊ တစ်နိုင်ငံလုံးမှာမှ စစ်ကိုင်းမြို့ ဇိနမာရ်အောင်လောကချမ်းသာ ကြေးဘုရားကြီးရဲ့ ဘုရားပွဲတော်မှာပဲ ဘဲဥထုပွဲဆိုတာ ရှိတာပါ၊ ဘဲဥထုတဲ့အခါ ပိမ့်သွားတဲ့ဘဲဥဘက်က အရှုံးပါ၊ သူက ဘဲဥဖိုး ပိုက်ဆံရှင်းရပါတယ်၊ နိုင်တဲ့သူကတော့ အဲဒီဘဲဥကို ယူရပါတယ်”ဟု ပြောပြသည်။
ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီးကို သက္ကရာဇ် ၁၂၆၆ ခုနှစ် ဝါဆိုလက ပြည်သူအများ၏ ကောင်းမှုကုသိုလ်ဖြင့် စတင်ကြေးသွန်းလောင်းခဲ့ပြီး ထိုနှစ် ပြာသိုလဆန်းတွင် အချောသပ်ကာ ၁၂၆၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် ပြီးစီးခဲ့ ပြီးနောက် ထိုအချိန်မှစ၍ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


