မတ် ၈

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် မြောက်ပိုင်း ၂၃ ကီလိုမီတာအကွာ ကာယတ်မြို့တွင် ယမန်နေ့က ရထားတစ်စီး လမ်းချော်ခဲ့ပြီးနောက် နှစ်ဦးထက်မနည်းသေဆုံးပြီး အခြား ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါရထားလမ်းချော်မှုတွင် ဒဏ်ရာရသူ ၁၆ ဦးရှိသည့်အနက် ၁၀ ဦးသည် ကာယတ်အထူးကုဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ဒဏ်ရာရသူအခြားခြောက်ဦးသည် ပွန်းပဲ့ဒဏ်ရာများနှင့် ဒဏ်ရာအနည်းငယ်ရရှိသည်ဟု သိရသည်။

ရထားစက်ခေါင်းနှင့် လူစီးတွဲပထမတွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အီဂျစ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ထိုမတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်  ကော်မတီအဖွဲ့ ဖွဲ့ထားကြောင်း ထပ်လောင်းပြောကြားသည်။

အီဂျစ်နိုင်ငံ၏ရထားလမ်းစနစ်သည် စက်ပစ္စည်းပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်းနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့ကြောင့် ရထားလမ်းချော်မှုများနှင့် တိုက်မိမှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။

နိုင်ငံတောင်ပိုင်း တာရှ်တာမြို့တွင်  ၂၀၂၁ ခုနှစ်က ရထားတိုက်မိမှုကြောင့် လူ ၃၂ ဦးထက်မနည်းသေဆုံးခဲ့သည်။  ထိုနှစ်နောက်ပိုင်း ကာယတ်ဘီရာတွင် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို