၁၄ ဖေဖော်ဝါရီ
အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံ စိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့်၂၀၁၉ ခုနှစ် အာဆီယံဆုကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိသည်-
(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ
(ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ
(ဂ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ
(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများ မြှင့်တင်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ
(င) အာဆီယံအသိုက်အဝန်းတည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ
အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများအပါအဝင်ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀ဝဝဝ ချီးမြှင့်သွားမည် ဖြစ်သည်။ ယင်းဆုကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၃၄)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။
ပေးအပ်ချီးမြှင့်ခဲ့၂၀၁၈ ခုနှစ်အတွက် အာဆီယံဆုကို ဖိလစ်ပိုင်နိုင်ငံမှ မစ္စစ် အာလင်ဒါ ယူကိုးက အားလုံးပါဝင်သည့် အာဆီယံအသိုက်အဝန်းဖော်ဆောင်ရာ တွင်၄င်း၏ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ရရှိသွားခဲ့သည်။
၂၀၁၈ ခုနှစ်နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်း အနားတွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လုံးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ဒါတိုလင်ကျောက်ဟွိုင်တို့က အာဆီယံဆုဖလားနှင့် ဆုတော်ငွေတို့ကို မစ္စစ်အာလင်ဒါ ယူကိုးအား ပေးအပ်ချီးမြှင့်ခဲ့သည်။ အာဆီယံဆုအတွက်ထောက်ပံ့သော အဖွဲ့အစည်းများမှာ စင်ကာပူနိုင်ငံမှ တမားဆတ်ဖောင်ဒေးရှင်း (Temasek Foundation)၊ ဖိလစ်ပိုင်နိုင်ငံမှ အရာလာကော်ပိုရေးရှင်း(the Ayala Corporation) နှင့် မလေးရှားနိုင်ငံမှ ယာယာစံ ဟဆနာ (Yayasan Hasanah) အဖွဲ့အစည်းတို့ဖြစ်သည်။
အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကို ဦးတည်၍ ပြည်သူကို ဗဟိုပြု သည့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် လျှောက်ထားမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ပါဝင်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် ရှေ့ဆက်၍ အာဆီယံနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို စာမျက်နှာ ၃ မျက်နှာမှ၅ မျက်နှာအကြား (အင်္ဂလိပ်ဘာသာဖြင့်) အကျဉ်းချုပ် ရေးသားဖော်ပြရမည် ဖြစ်သည်။
လေ့လာကြည့်ရှုနိုင်အကျဉ်းချုပ်တွင် ပါရှိရမည့် အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိပါကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/cakk-nominations-asean-prize-2019/.တွင် ရယူ၍ အာဆီယံရေးရာ ဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော် (သို့မဟုတ်) dgasean@gmail.com နှင့် psaseanmmr@gmail.com ကို၈-၃-၂၀၁၉ ရက်နေ့နောက်ဆုံးထား၍လိပ်မူလျှောက်ထားနိုင်ကြောင်း၊ အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပါ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)


