မိုင်းရှူး ၁၄ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းကို မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၏ အသင်းခွဲတစ်ခုအနေဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင်ဖွဲ့စည်းခဲ့ကြောင်း၊ မိုင်းရှူး ရတနာမြေ၊ လွိုင်ဆောင်ထောက်ဒေသ၊ ဝမ်ကန်ရပ်ကွက်မှကျောက်မျက်ကုန်သည် တစ်ဦးလည်းဖြစ်၊ အသင်း၏ ယာယီဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်နုနုလွင်(ခ)ဒေါ်မီးမီးက ပြောသည်။

 

111.3.

 

“ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်(ရန်ကုန်)ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနဲ့ ၂၂-၁-၂၀၁၉ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာရဲ့ ခွင့်ပြုချက်နဲ့အသင်းကို ဖွဲ့စည်းခဲ့တာပါ။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့ ဝမ်ကန်ဆွမ်းလောင်းဓမ္မာရုံမှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ် အစည်းအဝေးပါ။ အသင်း အမှုဆောင်အဖွဲ့မှာပါဝင်မယ့် ကျောက်မျက်ရတနာလုပ်ငန်းရှင် ၅၂ ဦးတက်ရောက်ခဲ့ပါတယ်။ 

 

ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေနဲ့အညီ ဒေသတွင်း အခြေအနေနဲ့ ကိုက်ညီမယ့်အသင်းကိုဖွဲ့စည်းခဲ့တာပါ။ စုစုပေါင်းအမှုဆောင်အဖွဲ့ဝင် ၄၇ ဦးနဲ့ဖွဲ့စည်းခဲ့တာပါ။ 

 

အသင်းကတော့တရားဝင်ဖွဲ့စည်းပြီးသွားပါပြီ။အမှုဆောင်အဖွဲ့တွေကတော့ ယာယီပါ။ ရှမ်းပြည်နယ် တောင်ပိုင်းက ဘယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်မဆို၊ အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံခွင့်ရှိနေပါသေးတယ်။ 

 

ရွေးချယ်ခံလိုပါက ကျွန်မမမီးမီး (ဖုန်း ဝ၉၄၄၁၄၀၈၃၆၇) ဦးသားဇော်(ဖုန်း-ဝ၉၄၅၈၀၄၃၉၃၂) တို့ဆီကိုဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်” ဟု ဒေါ်မီးမီးကပြောသည်။

 

နိုင်ငံတော်နှင့် ကျောက်မျက်လုပ်ငန်းရှင်များ အကျိုးစီးပွားအတွက်ရည်ရွယ်၍ အသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်း ၄င်းကပြောသည်။

 

“ ကျွန်မတို့ရဲ့ကျောက်မျက်ရတနာတွေအတွက် နိုင်ငံတော်ကို မှန်မှန်ကန်ကန်အခွန်ဆောင်နိုင်ဖို့၊ ကျောက်မျက်လုပ်ငန်းရှင်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့၊ ကျောက်မျက်ရတနာတွေကို ပြည်တွင်း၊ ပြည်ပကို အဆင်ပြေချောမွေ့စွာရောင်းချနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေ နဲ့ဒီအသင်းကိုဖွဲ့ဖို့လုပ်တာပါ။ အသင်းဖြစ်လာရင် ကျွန်မတို့ ရဲ့အခက်အခဲတွေကို ဝန်ကြီးဌာနကိုတိုက်ရိုက်တင်ပြနိုင်မယ့် အခွင့်အရေးတွေရလာမှာဖြစ်ပါတယ်။ အသင်းကို လာမယ့် လပိုင်းအတွင်းဖွဲ့စည်းနိုင်အောင်ကြိုးစားသွားမှာပါ“ ဟု ဒေါ်မီးမီးကဆိုသည်။

 

မိုင်းရှူးကျောက်မျက်ဈေးကွက်ကို သီးသန့်ဖော်ဆောင်ပေးရန် လိုအပ်ကြောင်းလည်း အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

 

“မိုင်းရှူးကျောက်မျက်က မိုးကုတ်နဲ့ကျောက်မျက်နဲ့ မတူဘူး။ အသင်းချုပ်၊ နိုင်ငံတော်တို့ရဲ့ အကူအညီနဲ့ မိုင်းရှူးကျောက်မျက်ဈေးကွက်ကို သီးသန့်ဖော်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုဖော်ဆောင်ရမှာလွယ်ကူဖို့ အသင်းကို ဖွဲ့စည်းတာပါ “ဟု ၄င်းကပြောသည်။

 

ဘိုဘို(မလှိုင်)