မန္တလေး ၁၄ ဖေဖော်ဝါရီ
မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Geographic Information System(GIS) အတွက် ကောင်းကင်မှ ဓာတ်ပုံရိုက်ကူးခြင်းများ ပြီးစီးပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ရိုက်ကူးပြီးစီးခဲ့ခြင်းဖြစ်ပြီး အချိန် လေးလခန့်ကြာရိုက်ကူးခဲ့ကြောင်း သိရသည်။ GIS စနစ်သည် မန္တလေးမြို့၏ သယ်ယူပို့ဆောင်ရေး ကွန်ရက်လမ်းကြောင်းများ ၊ လမ်းများ ၊ ရေမြောင်းများအတွက် အနိမ့်အမြင့် အချက်အလက်များ ၊ ရေဖြန့်ဖြူးရေးပိုက်လိုင်းများ ၊ ဖိုက်ဘာဆက်ကြောင်းများ ၊ အမှိုက်သိမ်းဆည်းရန်နေရာများ ၊ အဆောက်အဦးဆိုင်ရာ အချက်အလက်များ ထည့်သွင်းသွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကို အခြေခံပြီး မြို့ပြစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း ၊ အခွန်အခကောက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
‘ကောင်းကင်ဓာတ်ပုံရိုက်တဲ့ မှတ်တမ်းလည်း ပြီးသွာပြီ။ ဒီအချက်အလက်တွေကို အခြေခံပြီး နောက်ပိုင်းမှာပိုပြီးတော့ အဆင့်မြင့်တဲ့ စနစ်တွေဆောင်ရွက်သွားမှာပါ။ လမ်းနာမည်ထပ်တာတွေကို မထပ်အောင် ၊ မှတ်သားရလွယ်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ နိုင်ငံခြားသားတစ်ယောက်က သူရှာချင်တဲ့နေရာကို အလွယ်တကူရှာနိုင်အောင် GPS ပါရှာလို့ရတဲ့ စနစ်ဘက်ကို ပြင်ဆင်နေပါတယ်’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းအား မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ ရိုက်ကူးပေးခြင်းဖြစ်ပြီး အလိုအလျောက်စနစ်ဖြင့် ပျံတက်သည့် မောင်းသူမဲ့လေယာဉ် နှစ်စီး ၊ ဒေါင်လိုက်အတက်အစင်း ပြုနိုင်သည့် မောင်းသူမဲ့ လေယာဉ် တစ်စီး ၊ Multicopter Drone နှစ်စီး စုစုပေါင်း ၅ စီးဖြင့် နေရာအနေထားပေါ်မူတည်ကာ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းမှ ရရှိလာသည့်အချက်အလက်များဖြင့် မန္တလေးမြို့၏ မြေပုံထုတ်လုပ်ခြင်း ၊ အချက်အလက်များ ထည့်သွင်းခြင်းလုပ်ငန်းများကို Asia Air Survey ကုမ္ပဏီက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်
Photo - Ye Lwin facebook


