ပူတာအို မတ် ၁၃

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်သည် မြန်မာနိုင်ငံမြောက်ဘက် အစွန်းဆုံးတွင် တည်ရှိသော ခရိုင်ဖြစ်ပြီး ပူတာအို ခရိုင်အတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းစဉ်သည် ထင်ပေါ်ကျော်ကြားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ရာ ယခုနှစ်တွင် ဖုန်ကန်ရာဇီရေခဲတောင်သို့ ခရီးသွားများတက်ရောက်မှု ယခင်နှစ်များထက် များပြားလာကြောင်း သိရသည်။

 

ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၁၉၂၀ ရှိပြီး မြန်မာနှင့် အိန္ဒိယနယ်စပ်တွင်ရှိသည့် ရေခဲတောင်ဖြစ်သည်။ ၎င်းရေခဲတောင်ခြေကျေးရွာများမှ ဒေသခံပြည်သူများသည် ရေခဲတောင်များကိုအမှီပြုပြီး ရာသီအလိုက် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်ကြရာ မိုးရာသီအချိန်တွင် ရာသီပေါ် သဘာဝအဖိုးတန် ရှားပါးပစ္စည်းဖြစ်သည့် ဆေးမြစ်ဆေးဥများကို ရှာဖွေရောင်းဝယ်လျက်ရှိခြင်းနှင့် ဆောင်းရာသီကာလများတွင် ရေခဲတောင်တက်အဖွဲ့များကို လမ်းပြခြင်း၊ အထမ်းလိုက်ခြင်းနှင့် ခရီးသွားစားဖိုမှူး စသည့်အလုပ်များဖြင့် ဝင်ငွေရှာဖွေ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိကြောင်း သိရသည်။

 

ရေခဲတောင်တက်ခရီးသည် ခက်ခဲသည့် ခရီးကြမ်းဖြစ်ပြီး ရေခဲတောင်တက်ခရီးသည် အသွားအပြန် ရက်သတ္တပတ်တစ်ပတ်၊ (၆)ရက် (၇)ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ ဖုန်ကန်ရာဇီရေခဲတောင်ကို အများအားဖြင့် ဒီဇင်ဘာလမှ ဧပြီလအတွင်း တက်ရောက်ပါက ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ အသွားအပြန် ပုံမှန်က ၆ ရက် ၇ ရက်ကြာတယ်။ ဖုန်ကန်က ဒီဇင်ဘာလကနေ ဧပြီလအထိ တက်လို့ရတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ တစ်ခါတစ်လေ ဒီဇင်ဘာမှာ ရေခဲမကျဘူးလို့ အမည်မဖော်လိုသူ ဒေသခံလမ်းပြတစ်ဦးက ပြောသည်။

 

အဆိုပါ ဖုန်ကန်ရာဇီရေခဲတောင်ကို ယခင်နှစ်များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် တောင်တက်အဖွဲ့ နည်းသွားခဲ့သော်လည်း ယခုနှစ်တွင် ဖုန်ကန်ရာဇီရေခဲတောင်သို့ တက်ရောက်သည့် တောင်တက်အဖွဲ့ ဇန်နဝါရီတစ်လအတွင်း အဖွဲ့(၁၀)ဖွဲ့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)