မန္တလေး ၁၄ ဖေဖော်ဝါရီ

 

မန္တလေးမြို့ရှိ စည်ပင်ပိုင်ဈေးများတွင် အမှိုက်စနစ် တကျစွန့်ပစ်နိုင်ရေး ယခုနှစ်အတွင်း အသိပညာပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ပညာပေးကာလ ပြီးဆုံးပါက ငွေကျပ် တစ်သိန်းထိ ဒဏ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

 

မန္တလေးမြို့ကို အမှိုက်ကင်းစင်သည့် မြို့တော်ဖြစ်လာစေရေးအတွက် အဓိက မိန်းလမ်းမကြီးများတွင် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန် ခေတ်မီအမှိုက်ပုံးများထားရှိ ပေးထားပြီး clean city အဖြစ် ဖော်ဆောင်ရာတွင်လည်း အမှိုက်၏ကဏ္ဍမှာ အဓိကအရေးပါ သောကြောင့် ယခုလိုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

 

" အမှိုက်တွေထဲမှာအမှိုက် စိုပါသလို အမှိုက်ခြောက်လဲပါတယ်။ ဒါကြောင့် အမှိုက်စိုနဲ့အမှိုက်ခြောက် သီးသန့် တစ်ကန့်စီသတ်မှတ်ထားတဲ့ အမှိုက်ပုံးထဲမှာပစ်ဖို့ ဈေးတွေထဲမှာ ဟောပြောဆွေးနွေး ပို့ချနေပါပြီ။ ဒီဆွေးနွေးပွဲတွေ ပြီးသွားပြီဆိုရင်တော့ ဒီနှစ်ထဲမှာ ဈေးတွေကို လက်တွေ့အသိပညာ ပေးကာလ သတ်မှတ်သွားမှာပါ။ အသိပညာပေးကာလပြီးရင်တော့ အရေးယူမှုအပိုင်းကို ဆက်လက် လုပ်ဆောင်သွားမှာပါ " ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။

 

ယခုလက်ရှိဈေးများတွင် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန် အသိပညာပေးကာလ သတ်မှတ်လုပ် ဆောင်ရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ သက်ဆိုင်ရာ ဌာနများက ဆွေးနွေးမှုများပြုလုပ် နေကြောင်း သိရသည်။

 

မန္တလေးမြို့အတွင်းရှိ ဈေးသူ၊ ဈေးသားများ အနေဖြင့် ဈေးဧရိယာပြင်ပမြောင်း များနှင့် ချောင်းများအတွင်း အမှိုက်များ စွန့်ပစ်ပါက ငွေကျပ်တစ်သိန်း ဒဏ်ရိုက် အရေးယူသွားမည့် အပြင် ဈေးအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ပါက ဒဏ်ငွေကျပ် ၅၀ဝဝဝ မှ ၁၀ဝဝဝဝ ထိ ဒဏ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

 

သူရိန်လင်း