မိတ္ထီလာ ၁၄ ဖေဖော်ဝါရီ
မိတ္ထီလာကန်အတွင်း လာရောက်ကျက်စားသည့် ငှက်များအား ဖမ်းဆီးသတ်ခြင်းမပြုရန် သတိပေး တားမြစ်ခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ထားကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူထံက သိရသည်။
မိတ္ထီလာကန်ထဲမှာ ဆောင်းခိုငှက်တွေလည်း နှစ်စဉ်လာရောက်ကျက်စားတယ်။ ပြီးတော့ရေဘဲမျိုးစိတ်ဝင် ငှက်တွေ၊ စစ္စလီ၊ ခရုစုပ်ငှက်၊ ဝမ်းဘဲ( ဟင်္သာ)၊ ရေကြက်ဒုံ၊ မယ်ညို၊ ရေကြက်အော်ယာ၊ ငှက်တွေလည်း တော်တော်များများ လာရောက်ကျက်စားတာမျိုးတွေ့ရတယ်။ အခုဆို မိတ္ထီလာကန်ထဲ ( ပေါက်ချောင်း ရပ်ကွက်အနီး ) မှာ ရေဘဲ အကောင်ရေ သုံးလေးရာလောက်ကို နေ့စဉ် တွေ့နေရတယ်။ ဥပဒေအရ တားမြစ်ကာကွယ်ထားတဲ့ ငှက်မျိုးစိတ်တွေကို မိတ္ထီလာကန်ပတ်ဝန်းကျင်မှာ လာရောက်ကျက်စားတာ တွေ့ရတယ်။ ဒီလိုရှားပါးငှက်တွေကိုဖမ်းဆီးသတ်ဖြတ်ခြင်းမျိုးမလုပ်ဖို့ မိတ္ထီလာတောင်ကန် နဲ့ မြောက်ကန် အနီးတွေမှာ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီးတော့ သတိပေးတားမြစ်ထားတယ်။ မိတ္ထီလာဈေးကြီး၊ အောင်ဆန်းမြို့သစ်ဈေး၊ ပေါက်ချောင်းရပ်ကွက်ဈေးများမှာလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ပေါင်းစပ်ပေးမှုနဲ့ မြို့နယ်စည်ပင်ဈေးဌာနစိတ်က တာဝန်ရှိသူတွေ၊ သစ်တောဝန်ထမ်းတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ကွင်းဆင်းပြီး တားမြစ်ပိတ်ပင်ထားတဲ့ ငှက်တွေဖမ်းဆီးသတ်ဖြတ် ရောင်းချတာမျိုး မရှိအောင် လိုက်လံစစ်ဆေးပြီး အသိပညာပေးဟောပြောတာမျိုးတွေလည်း ပြုလုပ်ပေးနေပါတယ်ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူက ပြောသည်။
မိတ္ထီလာကန်အပြင် မြို့နယ်အတွင်းရှိ မုန်တိုင်ဆည်၊ ရှမ်းမငယ်ဆည်ပတ်ဝန်းကျင်များတွင်လည်းဆောင်းခိုငှက်များ၊ ရေဘဲမျိုးစိတ်ဝင်ငှက်များ အများအပြား လာရောက်ကျက်စားနေထိုင်ကြလျက်ရှိကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


