မန္တလေး ၁၄ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် လက်ရှိ လက်ဖက်အထွက်နှုန်းထက် ပို၍တိုးတက်လာစေရန် နည်းပညာများ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးမှုအပိုင်းတွင် လက်ဖက်စိုက် တောင်သူများ၊ လက်ဖက်အစုအဖွဲ့များအား မိရိုးဖလာစိုက်ခင်းများကို လက်ဖက်အထွက်နှုန်းတိုးတက်စေရန် နည်းပညာသင်တန်းများပေးနေပြီး ရှိပြီးသား စိုက်ခင်းများကို လက်ဖက်အထွက်နှုန်းတိုးတက်စေရန် စနစ်တကျစိုက်ပျိုးမှုနည်းပညာများ ဖြန့်ဝေပေး နေကြောင်း သိရသည်။

 

" စနစ်တကျပြုစုပျိုးထောင်ပေးရင် အထွက်နှုန်းက နှစ်ဆ၊ သုံးဆလောက်တက်လာနိုင်ပါတယ်။ မိရိုးဖလာစိုက်တဲ့ လက်ဖက်တစ်ဧကမှာ လက်ဖက်ပင်နှစ်ထောင်ထွက်ရင် စနစ်တကျစိုက်တဲ့အခါ လက်ဖက်ပင် ခုနစ်ထောင်လောက်ဖြစ်လာမယ်။ သုံးနှစ်၊ လေးနှစ်အတွင်းဆို မြန်မာနိုင်ငံမှာ လက်ဖက်အထွက် နှုန်းတိုးတက်လာမှာပါ "ဟု အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းအောင်က ပြောသည်။

 

လက်ရှိမြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ကောက်ယူ ထားသည့်စာရင်း အရ စုစုပေါင်းလက်ဖက်ဧက နှစ် သိန်းကျော်ရှိပြီး၂၀၁၆ ခုနှစ်နောက် ပိုင်းထပ်မံ၍ အချက်အလက်စာရင်း မကောက်ယူရသေးကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ လက်ဖက်များမှာ Organic နည်းစနစ်အတိုင်းစိုက်ပျိုး၍ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိရန် လက်ဖက်အစုအဖွဲ့နှင့်လက်ဖက်ကုမ္ပဏီများက ကြိုးပမ်းနေပြီး လက်မှတ်ရရှိထားပါက ကမ္ဘာ့ဈေးကွက်တွင် အဆင့်အတန်း ရှိရှိရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် လက်ဖက်ကိုရှမ်းပြည်နယ်မှ အများဆုံးစိုက်ပျိုးပြီး လက်ဖက်စိုက်ဧကရှစ်သိန်းခန့်ရှိကာ ဒေသအလိုက် လက်ဖက်အစု အဖွဲ့များစွာရှိကြောင်း အဆိုပါ အသင်းမှ သိရသည် ။

 

သူရိန်လင်း