ဟားခါး ၁၄ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) ပထမနေ့ကို ဖေဖော်ဝါရီ ၁၄ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀ တက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၁)ခုဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဉာဏ်လင်းဖြိုးက ပြည်နယ်လွှတ်တော်ဥက္ကဌရှေ့မှောက်၌ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်က ငဖိုင်သဲနှင့် အိမ်မွှန်းပီးကြား (၂)မိုင်ကျော်ရှည်သော လမ်းအား (၂၄)ပေအကျယ် ကားလမ်းဖောက်လုပ်ပေးရန်နှင့် ၂၀၁၈-၂၀၁၉ RE တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသော မေးခွန်းကို မေးမြန်းခြင်းနှင့် ဖြေကြားခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်ခြေစာရင်းကိုလည်းကောင်း၊ပြည်နယ်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြို့နယ်၊မြို့စည်ပင်သာယာရေးအဖွဲ့များဖွဲ့စည်းပုံ အသစ် တိုးမြှင့်ရေးကိုလည်းကောင်း လွှတ်တော်သို့တင်သွင်းကြပြီး အစည်းအဝေးပထမနေ့ကို နံနက်၁၀နာရီ ၄၀မိနစ်တွင် ရပ်နားခဲ့သည်။
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


