ဖြူး ၁၄ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး သင်တန်းကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ညောင်ကားယားကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ဦးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဦးစီးမှုး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား ညောင်ကားယားကျေးရွာ ဦးကြူးစုကျေးရွာနှင့် ခင်ဝိုင်းကျေးရွာတို့မှ သင်တန်းသား ၃၀ တက်ရောက်ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဦးစီးဌာနတို့မှ ဝန်ထမ်းများက စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး အကြောင်းအရာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျန်ရှိသောလိပ်သေ ကျေးရွာအုပ်စု ကွာရီ (နောက်) ကျေးရွာ၊ ချင်းခင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာနှင့် ပြောင်သေကျေးရွာအုပ်စု၊ ခင်ဝိုင်းကျေးရွာတို့တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


