နေပြည်တော် မတ် ၂၅
ပြည်တွင်းစက်မှုလုပ်ငန်းများ အတွက်သာမက ပြည်ပပို့ကုန်တွင်လည်း အရေးပါသော စက်မှုကုန်ကြမ်း သီးနှံတစ်ခုဖြစ်သည့် ရော်ဘာကို တစ်နိုင်ငံလုံး၌ ဧက(၁၆)သိန်းခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တနင်္သာရီ တိုင်းဒေသကြီး၌ ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ နှစ်ရှည်ပင်ဖြစ်သည့်အတွက် မျိုးရွေးချယ်မှု မှန်ကန်ရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ စနစ်ကျမှန်ကန်စေရေးတို့အတွက် လိုအပ်သော နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း မတ်(၂၃)ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေဒူး)၌ ကျင်းပသည့် မိုးကာအစေးခြစ်စနစ် (Rain-guard Tapping System) ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ကွင်းသရုပ်ပြပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက နိုင်ငံတကာ မိုးကာအစေးခြစ် စနစ်များ၏ အားနည်းချက် အားသာချက်နှင့် ဒေသနှင့်ကိုက်ညီသည့်စနစ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပုဂ္ဂလိကရော်ဘာခြံပိုင်ရှင်များအား ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က လိမ္မော်ပျိုးပင်များ၊ အစေးခြစ်ဓားနှင့် ခြံသုံးပစ္စည်းများကို ပေးအပ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာ တောင်သူ ဦးချမ်းအေး၏ လယ်မြေတွင်ကျင်းပသည့် အကျိုးဆောင်တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲနှင့် နွေစပါးတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိကြပြီး ဒေသ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်မှုစွမ်းအားမြှင့် တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးက အကျိုးဆောင်တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူဦးချမ်းအေး၏ နွေစပါးစံပြကွက်နှင့် ပိုးမွှားရောဂါကာကွယ် ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ မြေဆီလွှာ ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ခေတ်မီလယ်ယာသုံးစက်ကရိယာ အသုံးပြုလုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ယခင်နှစ်က စပါး(၁)ဧကအထွက်နှုန်း (၇၀ ဒသမ ၂၅) တင်းဖြင့် ဒေသ ဝမ်းစာဖူလုံမှု (၇၂ ဒသမ ၅၀) ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် မိုးစပါး(၁)ဧက အထွက်နှုန်း (၇၁ ဒသမ ၇၉)တင်းဖြင့် ဒေသဝမ်းစာဖူလုံမှု (၇၂ ဒသမ ၈၇)ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီအုန်းထုတ်လုပ်မှု နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်လုပ်ကိုင်နိုင်ရေး၊ လုပ်ကွက်ငယ်တောင်သူများကို အားပေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေပဲ အားလုံးပါဝင်ပြီး ရေရှည် တည်တံ့သော လုပ်ငန်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တစ်စုတစ်စည်း တည်းရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့ တည်ထောင် ဆောင်ရွက်ရန်၊ ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


